အနောက်အုပ်စုကို အံ့တုသည့် မဟာဗျူဟာဆက်ဆံရေးကို ပူတင်နှင့် ရှီကျင့်ဖျင်တို့ အမွှမ်းတင် 

အနောက်အုပ်စုကို အံ့တုသည့် မဟာဗျူဟာဆက်ဆံရေးကို ပူတင်နှင့် ရှီကျင့်ဖျင်တို့ အမွှမ်းတင် 

စက်တင်ဘာလ ၁၆ ရက်

ယူကရိန်း စစ်ပွဲ စတင်ချိန်မှ နောက်ပိုင်း ပထမဆုံးအဖြစ် ရုရှသမ္မတ ဗလာဒီမာ ပူတင်နှင့် တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်တို့၏ ကြာသပတေးနေ့က မျက်နှာချင်းဆိုင် တွေ့ဆုံကြရာတွင် အနောက်အုပ်စုအား အံ့တုရာ၌ ၎င်းတို့၏ မဟာဗျူဟာဆက်ဆံရေးကို အမွှမ်းတင်ခဲ့ကြသည်။ 

ဆိုဗီယက်ဟောင်း ဥဇဘတ်ကစ္စတန်၌ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ SCO ထပ်သီးအစည်းအဝေး ပြင်ပ၌ ခေါင်းဆောင်နှစ်ဦးတို့သည် လက်ထောက်အကူများ တစ်ဖက်တစ်ချက်စီ ခြံရံလျက် တွေ့ဆုံကြခြင်း ဖြစ်သည်။ 

ယခု အစည်းအဝေးသည် COVID-19 ကပ်ဘေး အစောပိုင်းရက်များမှစတင်ပြီး ရှီကျင့်ဖျင်၏ ပထမဆုံး ပြည်ပခရီးစဉ်၏ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်သည်။ ပူတင်အတွက်ကလည်း အနောက်အုပ်စုက လုံ့လထုတ်နေလင့်ကစား ရုရှသည် လုံးဝ အထီးမကျန်ကြောင်းကို ပြသရန် အခွင့်အလမ်းပဲ ဖြစ်သည်။ 

“မဟာအင်အားကြီး အခန်းကဏ္ဍကို ဖော်ဆောင်ဖို့အတွက် ရုရှနဲ့အတူ ကြိုးပမ်းအားထုတ်သွားဖို့ တရုတ်နိုင်ငံက ဆန္ဒရှိနေတယ်၊ မတည်ငြိမ်မှုတွေနဲ့ ရုန်းကန်နေရတဲ့ ကမ္ဘာမှာ တည်ငြိမ်မှု ဖြစ်ထွန်းအောင် ဦးဆောင်သွားဖို့ ရုရှနဲ့အတူ ပူးပေါင်းဆောင်ရွက်လိုတာ ဖြစ်တယ်”ဟု ဆွေးနွေးပွဲအတွင်း ရှီကျင့်ဖျင်က ပူတင်အား ပြောသည်။ 

တရုတ်သည် ရုရှနှင့်အတူ “တစ်ဦး၏ အဓိက အကျိုးစီးပွားများ” ကို တစ်ဦးက ထောက်မပေးသွားနိုင်ရေးအတွက် ဆန္ဒရှိနေသည်ဟု ရှီကျင့်ဖျင်က ပြောကြောင်း တရုတ်နိုင်ငံပိုင်ရုပ်သံ CCTV က ဖော်ပြသည်။ 

ယူကရိန်းအား ထောက်ပံ့ခြင်းနှင့် ရုရှကို ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရာ၌ ဦးဆောင်နေသည့် အမေရိကန်နှင့် ဘက်ပြိုင်မှု အနေအထားမျိုးကို ပူတင်က ပြောဆိုသည်။ 

“ယှဉ်ပြိုင်ဘက် မရှိတဲ့ ကမ္ဘာ ဖန်တီးတာဟာ လုံးလုံး အရုပ်ဆိုး အကျည်းတန်စေပါတယ်၊ လုံးဝကို လက်သင့်ခံစရာ မရှိပါ”ဟု ပူတင်က ပြောဆိုသည်။ 

“ယူကရိန်း ပဋိပက္ခနဲ့ ဆက်စပ်ရာမှာ ကျွန်တော်တို့ရဲ့ မိတ်ဆွေတရုတ်နိုင်ငံက ဟန်ချက်ညီအောင် ရပ်တည်နေတဲ့အတွက် ကျွန်တော်တို့ အရမ်း ကျေးဇူးတင်ရတယ်”ဟု ပူတင်က ရှီကျင့်ဖျင်ကို ပြောပြီး ထိုင်ဝမ်အရေးတွင် တရုတ်အတွက် ရုရှ နောက်ခံရှိနေသည်ဟုလည်း ထပ်လောင်းပြောဆိုသည်။ 

“တရုတ် တစ်နိုင်ငံ မူဝါဒကို ကျွန်တော်တို့ စောင့်ထိန်းလိုက်နာတယ်၊ အမေရိကန်ရဲ့ ရန်စမှုတွေကို ကျွန်တော်တို့ ရှုတ်ချပါတယ်”ဟု ပူတင်က ပြောခဲ့သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly