ကျောက်ပန်းတောင်းယာဉ်တိုက်မှုဖြစ်စဉ်တွင် ၁၂ ဦးထက်မနည်းသေဆုံးပြီး ၁၅ ဦးဒဏ်ရာရ

By 007
15 September 2022
ကျောက်ပန်းတောင်းယာဉ်တိုက်မှုဖြစ်စဉ်တွင် ၁၂ ဦးထက်မနည်းသေဆုံးပြီး ၁၅ ဦးဒဏ်ရာရ

September 15

မန္တလေး(မဇ္ဈိမ) ။ ။ ကျောက်ပန်းတောင်းမြို့

ယာဉ်သုံးစီးဆင့်တိုက်မှုဖြစ်စဉ်တွင် ခရီးသည် ၁၂ ဦး ထက်မနည်းသေဆုံးပြီး ၁၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ ပရဟိတ အသင်းများထံက သိရသည်။

စက်တင်ဘာ ၁၄ ရက် ည ၈ နာရီ ၂၅ မိနစ်ခန့်တွင် ကျောက်ပန်းတောင်း-မိတ္ထီလာကားလမ်းပိုင်း လက်ပံပြား-ဇီးဖြူကုန်း ကျေးရွာကြားတွင် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“ အခုနောက်ဆုံးစာရင်းအရဆိုရင် ၁၂ ယောက်သေတယ်။ ကျွန်တော်တို့ကားပေါ်ကနေ ဆွဲထုတ်ခဲ့တာက ကိုးယောက်၊ နောက်ထပ် ကားပေါ်ညပ်ပြီးသေနေတာက သုံးယောက်၊ ဒရိုင်ဘာနဲ့နောက်လိုက်တွေပေါ့။ အားလုံးပေါင်း ၁၂ ယောက်သေတယ်။ ဆေးရုံမှာ ၁၇ ယောက်ပို့ထားတယ်။ အဲဒီအထဲကနှစ်ယောက်က ဒဏ်ရာပြင်းတယ် ” ဟု သွားရောက်ကူညီပေးခဲ့ သည့် ဒေသခံတစ်ဦးကပြောသည်။

နောက်ဆုံးရရှိထားသည့် စာရင်းများအရ အမျိုးသားကိုးဦးနှင့် အမျိုးသမီးသုံးဦး စုစုပေါင်း ၁၂ ဦးသေဆုံးပြီး၊ အမျိုးသား ၁၂ ဦးနှင့်အမျိုးသမီးသုံး ဦး စုစုပေါင်း ၁၅ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းသိရသည်။

“ ကုန်တင်ကားကို Express တစ်စီးက အရင်၀င်တိုက်တာ။ အဲဒီကနေ မျက်နှာချင်းကလာတဲ့ Express တစ်စီးနဲ့ထပ်တိုက်တာပါ။ Express နှစ်စီးလုံးကလူတွေ အကုန်နီးပါးဒဏ်ရာရတယ်။ အဲဒီထဲက ၁၂ ယောက်က နေရာမှာတင်သေသွားတယ်” ဟု ကူညီကယ်ဆယ်ရေးလုပ်ခဲ့သည့် မီးသတ်တပ်ဖွဲ့၀င်တစ်ဦးကလည်း ပြောသည်။

မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် မိတ္ထီလာ-ကျောက်ပန်းတောင်းကားလမ်း လက်ပံပြားကျေးရွာနှင့် ဇီးဖြူကုန်းကျေးရွာအကြား၊ မိုင်တိုင်အမှတ် (၄၅/၁) တွင် ပုဂံမင်းသား၊ သန်မြန်သူယာဉ်လိုင်းမှ ကားနှင့် ကုန်တင်ယာဉ်တို့ တိုက်မိမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

စာတည်း ။ ။ Alden

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

#ကျောက်ပန်းတောင်း

#ယာဉ်တိုက်မှု

#ညောင်ဦးခရိုင်

#ယာဉ်သုံးစီးဆင့်တိုက်

#သေဆုံး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly