မြောင်နယ်ရှိ ကြားကာလစာသင်ကျောင်းပေါင်း ၃၀ အတွက် ပညာရေးပဒေသာပင် စိုက်ထူရန်နှိုးဆော်

By ဂျာမုန်း
14 September 2022
မြောင်နယ်ရှိ ကြားကာလစာသင်ကျောင်းပေါင်း ၃၀ အတွက် ပညာရေးပဒေသာပင် စိုက်ထူရန်နှိုးဆော်

September 14

ကော်သူးလေ (မဇ္ဈိမ)။    ။ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် မြောင်ပညာရေးကွန်ရက်မှဦးစီး၍ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းပေါင်း ၃၀ ဖွင့်လှစ်ထားရာ ယခုအခါတွင်မူ စာသင်ကျောင်းများ၏ အထွေထွေအသုံးစရိတ်အတွက် ရန်ပုံငွေများ လိုအပ်လျှက်ရှိသဖြင့် ပညာရေးပဒေသာပင် စိုက်ထူရန် မြောင်ပညာရေးကွန်ရက်က နှိုးဆော်လိုက်သည်။

စစ်ကောင်စီတပ်၏စစ်ကြောင်း မြောင်နယ်အတွင်းဝင်ရောက်လာပါက စစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာများမှ စာသင်ကျောင်းများအား ယာယီပိတ်ထားကာ စစ်ကြောင်းပြန်ထွက်မှသာ ကျောင်းပြန်ဖွင့်ပြီး ခက်ခက်ခဲခဲ ပညာသင်ကြားနေကြခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဩဂုတ်လအတွင်းကလည်း မြောင်နယ်သို့ စစ်ကြောင်းထိုးဝင်ရောက်မှုရှိခဲ့သဖြင့် ဒေသခံများ စစ်ဘေးတိမ်းရှောင်ကြရသောကြောင့် စာသင်ကျောင်းတချို့ကို ယာယီပိတ်ခဲ့ရသေးသည်။ သို့သော် ယခုအခါတွင်မူ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နေပြီဖြစ်သည်။

“အမတို့အတွက်က ပညာသင်ဖို့ကလည်း လိုတယ်၊ စစ်ရှောင်ဖို့ကလည်း မဖြစ်မနေ လိုတာဆိုတော့ ကျောင်းတွေယာယီပိတ်ရတာနဲ့ပတ်သက်ပြီး ငါကျောင်းမတက်ရတော့ဘူးဆိုတာမျိုး အရမ်းကြီးတော့ မဖြစ်တော့ဘူး။ စစ်ရှောင်ရတာကလည်း ကျောင်းသားချည်းပဲမဟုတ်ဘူး၊ ဆရာ ဆရာမရော အားလုံးရှောင်ရတာဆိုတော့ ပိတ်ပြီဆိုလည်း အားလုံးတူတူဆိုတော့ ကလေးတွေ စာမလိုက်နိုင်ဘဲ ကျော်သွားတာမျိုးတော့ မရှိဘူး” ဟု မြောင်ပညာရေးကွန်ရက်ဦးဆောင်ကော်မတီဝင် မဂရေစ့်က ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အသိအမှတ်အပြုမှုဖြင့် မြောင်ပညာရေးကွန်ရက်မှဦးစီးကာ ယခုနှစ် မတ်လမှစ၍ ကြားကာလပညာရေးအတွက် စာသင်ကျောင်းများဖွင့်လှစ်ခဲ့ရာ လက်ရှိအချိန်၌ မြောင်နယ်အတွင်း ဆရာ ဆရာမ အင်အား ၅၀၀ နီးပါးဖြင့် မူလတန်းကျောင်း ငါး ကျောင်း၊ အလယ်တန်းကျောင်း ခြောက် ကျောင်း၊ အထက်တန်းကျောင်း ၁၉ ကျောင်း စုစုပေါင်း အခြေခံပညာစာသင်ကျောင်း ၃၀ ဖွင့်လှစ်ထားပြီးဖြစ်သည်။

ယင်းကျောင်းအသီးသီးကို မြောင်ပညာရေးကွန်ရက်မှ ကျောင်းတစ်ကျောင်းလျှင် လစဥ်ရန်ပုံငွေထောက်ပံ့မှု ကျပ် ၁၅၀,၀၀၀ မှ ၃၀၀,၀၀၀ ကြား ပေးအပ်လျှက်ရှိပြီး အဆိုပါရန်ပုံငွေများနှင့် ပြည်သူများ၏လှူဒါန်းမှုများစုပေါင်းကာ ရံဖန်ရံခါ ဆရာ၊‌ဆရာမများအတွက် အသုံးစရိတ်၊ စာသင်ကျောင်းအတွက် အထွေထွေသုံးစွဲငွေ စသည်တို့တွင် ခွဲဝေအသုံးပြုလျှက်ရှိကြောင်း မြောင်ပညာရေးကွန်ရက် ဦးဆောင်ကော်မတီဝင် မဂရေစ့်က ပြောသည်။

သို့ရာတွင် ကျောင်းပေါင်း ၃၀ လုံးကို ဆက်လက်၍ လစဥ်ထောက်ပံ့နိုင်ရန် ငွေကြေးလိုအပ်ချက်ကြီးမား၍  ပြည်သူများအား ပညာရေးပဒေသာပင် စိုက်ထူ လှူဒါန်းပေးကြရန် ဖိတ်ခေါ်လိုက်ရခြင်းဖြစ်သည်။
ပညာရေးရန်ပုံငွေအတွက်သာမက ကျောင်းသူ/သားများအတွက် အာဟာရကျွေးမွေးလှူဒါန်းမှုများလည်း ပြုလုပ်နိုင်ကြောင်း သတင်းစကားပါးထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ဒုဝန်ကြီး ဒေါ်အိသဉ္စာမောင်ကလည်း စက်တင်ဘာလ ၁၁ ရက်နေ့ကကျရောက်သည့် သူမ၏မွေးနေ့အတွက် မြောင်စာသင်ကျောင်းမှ ကျောင်းသား ၃၀၀ ဝန်းကျင်ကို အာဟာရဒါနပြုခဲ့သေးသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ကြားကာလစာသင်ကျောင်း
#မြောင်မြို့နယ်
#NUG
#ပညာရေးပဒေသာပင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly