ထီးလင်းမြို့နယ်က ကာကွယ်ရေးတပ်ဖွဲ့၏ စစ်ဆေးရေးဂိတ်များတွင် ပြည်သူများ ပူးပေါင်းပါဝင်၊ တရားဥပဒေစိုးမိုးရေး ဖော်ဆောင်နေ

By စိုင်းခန့်
13 September 2022
ထီးလင်းမြို့နယ်က ကာကွယ်ရေးတပ်ဖွဲ့၏ စစ်ဆေးရေးဂိတ်များတွင် ပြည်သူများ ပူးပေါင်းပါဝင်၊ တရားဥပဒေစိုးမိုးရေး ဖော်ဆောင်နေ

စက်တင်ဘာ ၁၃

မဇ္စျ်ိမ။ ။ မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်ရှိ ကာကွယ်ရေးတပ်ဖွဲ့ ပြုလုပ်ထားသည့် စစ်ဆေးရေးဂိတ်များတွင် ပြည်သူလူထု ပူးပေါင်းပါဝင်မှုအားကောင်းပြီး မြို့နယ်အတွင်း တရားဥပဒေစိုးမိုးရေးအတွက် ဆက်လက်ဆောင်ရွက်နေကြောင်း YDF-Htilin တာဝန်ရှိသူထံက သိရသည်။

ပြီးခဲ့သည့် သြဂုတ်လ ၁၅ ရက်နေ့မှ စတင်ကာ ပြည်သူများ၏ လုံခြုံရေးအတွက် ထီးလင်းမြို့နယ်ရှိ နေရာ လေးနေရာတွင် YDF-Htilin က စစ်ဆေးရေးဂိတ် လေးခုဖွင့်လှစ်ကာ စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

“ပထမတော့ ပြည်သူတွေက စိုးရိမ်မှုတွေရှိတယ်။ ဂိတ်တွေကိုမြင်တော့ ကြောက်တဲ့စိတ်တွေ ဖြစ်တာပေါ့ ။ ပညာပေးတွေ လုပ်ပြီးတဲ့အချိန်မှာတော့ ဂိတ်တွေရှိခြင်းအားဖြင့် ပြည်သူတွေ လုံခြုံမှုရှိတယ်ဆိုတာမျိုး ကြားရတာမျိုးတွေ ရှိတယ်။ အဖွဲ့အစည်းမျိုးစုံ ဖြတ်သန်းသွားလာတဲ့ အခါမှာလည်း ကျွန်တော်တို့ကို အကြောင်းကြားမှုတွေ ရှိလာတယ်။ အဲ့လိုတွေကြောင့် လုံခြုံရေးပိုင်းမှာ ထိရောက်မှုတွေ အများကြီးရှိခဲ့ပါတယ်” ဟု YDF – Htilin မှ တာဝန်ရှိသူ သခင်ဇော်က မဇ္စျိမကို ပြောသည်။

ထီးလင်းမြို့နယ်အတွင်းတွင် စစ်ကောင်စီတပ်က အိမ်စီးကားများအသုံးပြုကာ လက်နက်ပစ္စည်း သယ်ယူခြင်းများကို ကြပ်မတ်နိုင်ရန် အပါအဝင် စစ်တပ်ထုတ်ကုန်ပစ္စည်းများ သယ်ယူမှု တားမြစ်နိုင်ရန်နှင့် ပြည်သူများ၏ လုံခြုံရေးအတွက် YDF-Htilin က ဂိတ်များဖွင့်ကာ စစ်ဆေးမှုများ လုပ်ဆောင်နေခြင်း ဖြစ်သည်ဟုဆိုသည်။

ပြည်သူ့လုံခြုံရေးအတွက် ဂိတ်များဖွင့်လှစ်ကာ စစ်ဆေးမှုစတင်ပြုလုပ်သည့် သြဂုတ်လ ၁၅ ရက်နေ့မှ ယနေ့အချိန်အထိ စစ်ကောင်စီတပ်၏ ဖြတ်သန်းသွားလာမှု မတွေ့ရှိရသေးသကဲ့သို့ ဒေသကာကွယ်ရေးတပ်ဖွဲ့အသီးသီးက ဖြတ်သန်းသွားလာမှု ပြုလုပ်သည့် အချိန်များတွင်လည်း အသိပေးအကြောင်းကြားမှုများ ရှိလာခဲ့သည့် အတွက် မြို့နယ်အတွင်း လုံခြုံရေးအရ ထိရောက်မှုရှိကြောင်း သခင်ဇော်က ပြောသည်။

“စစ်ဆေးရေးဂိတ်တွေနဲ့ ပြည်သူတွေကို လုံခြုံရေးပေးတာ တပိုင်းပေါ့။ တရားဥပဒေ စိုးမိုးရေးပိုင်းမှာတော့ ဒေသန္တရ နဲ့ ကိုက်ညီတဲ့ ပြည်သူ့ရဲတပ်ဖွဲ့ကို CDM ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဖွဲ့စည်းထားတာရှိတယ်။ တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေကို ပြည်သူ့ရဲတပ်ဖွဲ့နဲ့ ဆက်လက်လုပ်ဆောင်နေပါတယ်” ဟု သခင်ချစ်က ဆိုသည်။

အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင် ပါဝင်ထားသည့် ရဲတပ်ဖွဲ့ဝင် အယောက် ၂၀ ဖြင့် ထီးလင်းမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့ကို ဖွဲ့စည်းထားကြောင်း မတ်လ ၁၁ ရက်နေ့ ရက်စွဲဖြင့် YDF – Htilin က သတင်းထုတ်ပြန်ထားသည်။

ထီးလင်းပြည်သူ့ရဲတပ်ဖွဲ့အနေဖြင့် လက်ရှိတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းကာ မြို့နယ်အတွင်း ပတ်ကင်းလှည့်ခြင်း၊ ကျေးရွာများအတွင်း လှည့်လည်စစ်ဆေး စည်းရုံးခြင်းများဖြင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေကြောင်း YDF – Htilin တာဝန်ရှိသူက ဆက်ပြောသည်။

မကွေးတိုင်း၊ ထီးလင်းမြို့နယ်ရှိ နယ်မြေအများစုကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက စိုးမိုးထားနိုင်ကာ ၎င်းတို့ စိုးမိုးထားသည့် နယ်မြေတစ်လျှောက်တွင် စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်ပြီး စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်းလည်း ဒေသခံများထံမှ သိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YDF – Htilin ဖွင့်လှစ်ထားသည့် စစ်ဆေးရေးဂိတ်များနှင့် ပတ်သက်ပြီး မကျေနပ်မှုများနှင့် ပြဿနာတစ်ခုခုရှိပါက ပြည်သူများအနေဖြင့် YDF-Htilin ရုံးသို့ တိုက်ရိုက်တိုင်ကြားနိုင်ကြောင်းလည်း သတင်းထုတ်ပြန်ထားသည်။

ထီးလင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးမှုများ မရှိသော်လည်း ထီးလင်းမြို့နယ်နှင့် ကပ်လျက်တည်ရှိသည့် ဂန့်ဂေါမြို့နယ်တွင် အင်အား ၄၀၀နီးပါး ပါဝင်သည့် စစ်ကောင်စီတပ်က ကျေးရွာများအတွင်း ဝင်ရောက် စစ်ကြောင်းထိုးနေကာ ရောက်ရှိသည့် ကျေးရွာတိုင်းကို မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်နေကြောင်း ကာကွယ်ရေးတပ်ဖွဲ့ထံက သိရသည်။

ထို့ကြောင့် စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာမှုများ ရှိလာပါက ပြည်သူများရှိနေလျှင် တိုက်ပွဲဖော်ဆောင်ရာတွင် အခက်အခဲရှိနိုင်သည့်အတွက် နေအိမ်များတွင် မနေဘဲ ရှောင်တိမ်းကြရန်နှင့် ကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များကို လိုက်နာကြရန်လည်း YDF-Htilin တာဝန်ရှိသူက ပြည်သူများကို မေတ္တာရပ်ခံထားသည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#မကွေးတိုင်း

#ထီးလင်းမြို့နယ်

#YDF-Htilin

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly