ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်း၏ လုံခြုံရေးအတွက် အစိုးရက ရူပီး သန်း ၂၄၀ သုံးစွဲပေးခဲ့

ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်း၏ လုံခြုံရေးအတွက် အစိုးရက ရူပီး သန်း ၂၄၀ သုံးစွဲပေးခဲ့

ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်း၏ လုံခြုံရေးအတွက် အစိုးရက ရူပီးသန်း ၂၄၀ ကျခံ သုံးစွဲပေးခဲ့ကြောင်း အစ္စလမ်မာဘတ် ရဲတပ်ဖွဲ့အကြီးအကဲ အက်ခ်ဘာ နက်ဆီရာ ခန်းက ဩဂုတ် ၃၁ ရက် ဆီးနိတ်လွှတ်တော် ပြည်ထဲရေးဆိုင်ရာ အမြဲတမ်းကော်မတီ အစည်းအဝေးတစ်ခုအတွင်း ပြောသည်။ 

ယခုအခါ ပါကစ္စတန် တေရက်-အီ-အင်ဆက်ဖ် (PTI) ပါတီ၏ဥက္ကဋ္ဌ အီမရန် ခန်းအတွက် လုံခြုံရေးပေးမှုကို ပြန်ရုပ်သိမ်း ထားကြောင်း နက်ဆီရာ ခန်းက ပြောသည်။

အီမရန်ခန်း၏ လုံခြုံရေးအတွက် ခိုင်ဘာ ပက်ခ်တွန်ခဝါ၊ အစ္စလမ်မာဘတ်၊ ဂီဂစ် ဘောလ်တီစတန် ရဲတပ်ဖွဲ့နှင့် ရိန်းဂျားတပ်ဖွဲ့တို့မှ အမှုထမ်း ၂၆၆ ဦးနှင့် ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီနှစ်ခုတို့က စောင့်ရှောက်ပေးခဲ့ကြောင်း Dawn သတင်းစာက ဖော်ပြသည်။

ကော်မတီ အစည်းအဝေးကို PTI  အထက်လွှတ်တော်အမတ် မိုဟ်ဆင်း အာဇစ်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက် ခဲ့သည်။ ပြည်ထဲရေးဝန်ကြီးဌာနက လုံခြုံရေးလိုင်စင်များကို ပြန်ရုပ်သိမ်းထားခဲ့သော်လည်း ၎င်းတို့အနေဖြင့် လုံခြုံရေး တာဝန်များကို ထမ်းဆောင်နေဆဲဖြစ်ကြောင်း နက်ဆီရာ ခန်းက ကော်မတီကို ပြောသည်။ ရာဂျာ ပါဗက် အာရှ်ရက်ဖ်၊ ရှာဟစ် ခါကန် အက်ဘာစီနှင့် ယူဆက်ဖ် ရာဇာ ဂီလာနီကဲ့သို့ ဝန်ကြီးချုပ်ဟောင်းများ သည်လည်း ထိုကဲ့သို့ လုံခြုံရေးအထောက်အပံ့များ ရရှိခဲ့ပြီး ယင်းအတွက် သုံးသည့် ငွေများကို မည်သည့် နေရာတွင်မှ မတွေ့ခဲ့ဖူးကြောင်း နက်ဆီရာ ခန်းက ပြောသည်။

ယခုအခါ အီမရန် ခန်းကို လုံခြုံရေးပေးမှုအပေါ် ပြန်ရုပ်သိမ်းခြင်းက စိတ်ပူစရာ ကောင်းကြောင်း PTI ပါတီမှ အထက်လွှတ်တော်အမတ် ဒေါက်တာ ရှာဟ်ဇက်ဒ် ဝါဆင်းမ်က ပြောသည်။

လက်ရှိအာဏာရ ညွန့်ပေါင်းအစိုးရကို ဆန့်ကျင်ပြီး နိုင်ငံတစ်ဝန်း လူထုဆန္ဒပြစည်းဝေးပွဲများ လုပ်ဆောင်ခြင်း ကြောင့် PTI အကြီးအကဲသည် ခြိမ်းခြောက်မှု သတိပေးချက်အချို့နှင့် ရင်ဆိုင်ထားခဲ့ရသည်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly