အာဖဂန်နစ္စတန်တွင် တာလီဘန်တို့ ပြန်လည်အာဏာရပြီးနောက်ပိုင်း စီးပွားရေး ထိုးစိုက်ကျဆင်းမှု ဖြစ်ပေါ်ကာ ယခုအခါ ပြည်ပနိုင်ငံများနှင့် ဘဏ္ဍာရေးအဖွဲ့အစည်းများထံ အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံအထိ ကြွေးမြီတင်ရှိနေသည်။
“မိမိတို့ အစိုးရတာဝန်ယူချိန်နောက်ပိုင်း မိမိတို့ဟာ အကြွေး ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံလောက် ရှိနေပါတယ်” ဟု ဘဏ္ဍာရေးဝန်ကြီးဌာနမှ အထွေထွေညွှန်ကြားရေးမှူး နာစ်ရတ်တူလာ အာမွတ်ဒ်က ပြောကြောင်း Khaama Press က ဖော်ပြသည်။
“ဒီ အကြွေးကတော့ နှစ် ၃၀၊ ၄၀ လောက် အတွင်း ပြန်ဆပ်ရမှာဖြစ်တယ်။ ယုတ်စွအဆုံး ၄၅ နှစ်ကာလအတွင်း ဒါက တဖြည်းဖြည်းချင်း ပြန်ဆပ်ရမှာ ဖြစ်တယ်” ဟု ၎င်းက ပြောသည်။
အာဖဂန်နစ္စတန်အစိုးရသည် ကမ္ဘာ့ဘဏ်နှင့် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ထံ ကြွေးမြီ ဒေါ်လာ ၆ သန်းကျော် ပေးဆပ်ထားကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက သီးခြားထုတ်ပြန်သည်။ နယ်စပ်အခွန်အကောက်များက အစိုးရ၏ စုစုပေါင်း အခွန်ဘဏ္ဍာဝင်ငွေ၏ ကြီးမားသော အစိတ်အပိုင်းတစ်ခု အဖြစ် ရှိနေသည်ဖြစ်ရာ လုပ်ငန်းစဉ်များ ပွင့်လင်းမြင်သာမှု ရှိရေးနှင့် အသေအချာ မှတ်တမ်းတင်ရေး ၎င်းက တောင်းဆိုခဲ့သည်။
အာဖဂန်နစ္စတန်သည် ပြီးခဲ့သည့်နှစ်က အခွန်အကောက်ရုံးများနှင့် အခြားရင်းမြစ်များမှ အခွန် ဘဏ္ဍာဝင်ငွေ ဒေါ်လာ ၁၅၁ သန်း ရရှိခဲ့ကြောင်း အာဖဂန်ဘဏ္ဍာရေးဝန်ကြီးဌာနကို ကိုးကားပြီး Khaama Press က ဖော်ပြသည်။