ဘဂ္ဂဒက်၊ ဖေဖော်ဝါရီ - ၂၂ ။ ။ လပေါင်းများစွာ ပျောက်ဆုံးနေခဲ့သည့် သေစေနိုင်လောက်သော ရေဒီယိုသတ္တကြွပစ္စည်းအချို့ကို ပြန်လည်တွေ့ရှိခဲ့သည့်အတွက် အီရတ် လက်ထောက် ကျန်းမာရေးဝန်ကြီး ဒေါက်တာ ဂျက်ဆင်အယ်ဖာလာဟီမှာ စိတ်သက်သာရာ ရသွားခဲ့ပြီး ဘုရားသခင်၏ ကျေးဇူးတော်ကြောင့်ဟု ဖေဖော်ဝါရီလ ၂၁ဂရက်နေ့က စီအင်အင်သို့ ပြောကြားခဲ့သည်။
‘ပျောက်ဆုံးနေတဲ့ ရေဒီယိုသတ္တိကြွပစ္စည်းကို သူ့ရဲ့သေတ္တာထဲမှာပဲ မပွန်းမပဲ့ တွေ့ရှိခဲ့ပါတယ်’ဟု ၎င်းက ပြောကြားခဲ့သည်။
ထိုရေဒီယိုသတ္တကြွပစ္စည်း ပျောက်ဆုံးသွားခဲ့ကြောင်းကို နိုဝင်ဘာလက နိုင်ငံတကာ အဏုမြူအေဂျင်စီသို့ သတင်းပို့ခဲ့သည်။
အဆိုပါ လက်ပ်တော့အရွယ်အစားရှိသည့် စက်မှုလုပ်ငန်းသုံး ဓာတ်မှန်ရိုက်ကိရိယာကို တနင်္ဂနွေနေ့က အီရတ်နိုင်ငံတောင်ပိုင်း ဇူဗျာမြို့ရှိ ဓာတ်ဆီဆိုင်အနီးတွင် မပျက်မစီး ပြန်လည်တွေ့ရှိခဲ့သည်။
လူများစွာကို အန္တရာယ်ပြုနိုင်သည့် ထိုပစ္စည်းကို အိုင်အက်စ် (သို့မဟုတ်) အခြားအကြမ်းဖက်အုပ်စုများ၏ လက်တွင်းသို့ ကျရောက်သွားမည်ကို စိုးရိမ်ခဲ့ကြသည်။
ရေဒီယိုသတ္တိကြွပစ္စည်းကို ပြန်လည်တွေ့ရှိပြီဖြစ်သောကြောင့် အရာအားလုံး ပုံမှန်ပြန်ဖြစ်သွားသည်ဟု အယ်လ် ဖာလာဟီက ပြောကြားခဲ့သည်။
‘သေတ္တာကို မပွန်းမပဲ့ ပြန်လည်တွေ့ရှိခဲ့တော့ ဓာတ်ရောင်ခြည်ကိစ္စကို စိုးရိမ်စရာ မလိုတော့ဘူးပေါ့’ဟု အယ်လ် ဖာလာဟီက ပြောကြားခဲ့သည်။