September 6
မဇ္ဈိမ ။ ။ရခိုင်ပြည်နယ်၊ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ မြောက်ဦးမြို့ နန်းရာကုန်းအတွင်း စစ်ကောင်စီတပ်က အသံမိုင်းတစ်လုံးဖောက်ခွဲခဲ့သည်ဟု သိရသည်။
ယနေ့ စက်တင်ဘာလ ၆ရက်၊ နံနက် ၉နာရီကျော်ခန့်တွင် မြောက်ဦးမြို့ မြို့အလယ်တွင်တည်ရှိသည့် ရှေးဟောင်းနန်းရာကုန်းအထက်၌ စစ်ကောင်စီတပ်မှ ၎င်းတို့ထောင်ထားသည့် မိုင်းကို ပြန်လည်ဖောက်ခွဲခဲ့သည်ဟု မြောက်ဦးမြို့ခံ တစ်ဦးက ပြောသည်။
“ ဒီကနေ့ နံနက် ၉နာရီကျော်လောက်မှာ နန်းရာကုန်းထက်မှာ စစ်သားတွေက သူတို့ထောင်ထားတဲ့ မိုင်း တစ်လုံးကို သူတို့ပြန်ဖောက်ခွဲတယ်လို့ သိရတယ်၊ ဘယ်တပ်ရင်းက လုပ်တယ်ဆိုတာကိုတော့ မသိရဘူး၊ မြောက်ဦးမှာက တပ်ရင်း သုံးခုစလုံးက ဝင်လှုပ်ရှားနေကြတာကိုး” ဟု မြောက်ဦးမြို့ခံတစ်ဦးက ပြောသည်။
ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ မြောက်ဦးမြို့ကို ယူနီစကိုဝင်ရန် ဆောင်ရွက်နေချိန် ယခုလို ရှေးဟောင်း နယ်မြေထဲ မိုင်းဖောက်ခွဲသည့်အတွက် ပျက်စီးမှုများရှိလာနေ၍ ယူနီစကိုဝင်ရန် အဟန့်အတားတစ်ခု ဖြစ်လာနိုင်သည်ဟု မြောက်ဦးမြို့ခံတစ်ဦးက ဝေဖန်သည်။
“ နန်းရာကုန်းဆိုတာကလည်း ရှေးဟောင်းနယ်မြေတစ်ခုဖြစ်ပါတယ်၊ နန်းရာကုန်းကလည်း ရခိုင်တွေ အထွတ်အမြတ်ထားတဲ့နေရာလည်း ဖြစ်ပါတယ်၊ ယင်းနန်းရာကုန်းထက်မှာ မိုင်းဖောက်တာက မသင့်တော်ဘူးပေါ့နော်၊ နောက်ပြီး ယူနီစကို ဝင်ရန်လည်းကြိုးစားနေကြတဲ့ အချိန်တစ်ခုလည်း ဖြစ်တယ်။” ဟု မြောက်ဦးမြို့ခံတစ်ဦးက ပြောသည်။
စက်တင်ဘာလ ၅ရက်နေ့တွင်လည်း မြောက်ဦးမြို့ မြို့မစျေးကြီးအတွင်း စစ်ကောင်စီတပ်မှ မိုင်းရှင်းရန် ရှိသည်ဟုဆိုကာ မြို့မစျေးကြီးကို ပိတ်ခိုင်းခဲ့သည်။ စက်တင်ဘာလ ၃ ရက် ညပိုင်းအချိန်တွင် မြောက်ဦးမြို့အတွင်း၌ စစ်ကောင်စီတပ်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်မှုများလည်းရှိခဲ့သည်။
စာတည်း - သန့်ဇော်(သန်လျင်)