တရုတ် အနောက်တောင်ပိုင်း၌ ငလျင်ကြောင့် လူ ၆၀ ကျော် သေဆုံးပြီး ရာချီ ပျောက်ဆုံးနေ

တရုတ် အနောက်တောင်ပိုင်း၌ ငလျင်ကြောင့် လူ ၆၀ ကျော် သေဆုံးပြီး ရာချီ ပျောက်ဆုံးနေ
Photo - AFP

September 6

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းတွင် အားပြင်းငလျင်တစ်ခု လှုပ်ခဲ့မှုကြောင့် လူ ၆၀ ကျော် သေဆုံးပြီး စက်တင်ဘာ ၆ ရက်တွင် ကယ်ဆယ်ရေးသမားများက အပျက်အစီးပုံများအကြား ပျောက်ဆုံးနေသည့် လူပေါင်းရာနှင့်ချီတို့ကို ရှာဖွေလျက် ရှိသည်။ တစ်ချိန်တည်းမှာပင် မိုးကြောင့် အဆိုပါဧရိယာတွင် ရေလွှမ်းမိုးမှု ဖြစ်နိုင်ကြောင်း ဒေသ ရာသီဥတုအေဂျင်စီများက သတိပေးထားသည်။

စက်တင်ဘာ ၅ ရက်က စီချွမ်ပြည်နယ် ကန်ဒင်းမြို့ အရှေ့တောင်ဘက် ၄၃ ကီလိုမီတာ (၂၆ မိုင်) ခန့်အကွာ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး ပြင်းအား ၆ ဒသမ ၆ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန် ဘူမိလေ့လာရေးဌာနက ပြောသည်။

ငလျင်ကြောင့် အနည်းဆုံး လူ ၆၅ ဦး သေဆုံးကြောင်း စက်တင်ဘာ ၆ ရက် မနက်ပိုင်းတွင် နိုင်ငံပိုင်မီဒီယာက ဖော်ပြသည်။ ငလျင်လှုပ်ပြီးနောက် ဝေးလံသော ဧရိယာတစ်ခုတွင် လူ ၂၀၀ ကျော် ပိတ်မိနေဆဲဖြစ်ပြီး အခြားနေရာများတွင်လည်း လူအများအပြား ပျောက်ဆုံးနေဆဲဖြစ်သည်။

နိုင်ငံပိုင် စီစီတီဗွီ ရုပ်သံက ထုတ်လွှင့်ပြသသည့် ဗီဒီယိုထဲတွင် မီးသတ်သမားများက အုတ်ကျိုးအုတ်ပဲ့များအကြားမှ သွေးထွက်သံယိုဖြစ်နေသော အမျိုးသမီးတစ်ဦးကို ဆွဲထုတ်ကယ်တင်နေမှု၊ မြစ်တစ်စင်းကို ဖြတ်ပြီး ယာယီတံတားတစ်စင်းပေါ်ကနေ အသက်ရှင်ကျန်ရစ်သူတစ်ဦးကို လူနာထမ်းစဉ်ဖြင့် သယ်ဆောင်လာနေမှုနှင့် ပျက်စီးနေသော အဆောက်အအုံများနှင့် အုတ်ကျိုးအုတ်ပဲ့များ ပြန့်ကျဲနေသော လမ်းများကို မြင်တွေ့ရသည်။

ထို့ပြင် တရုတ် ငလျင်ကွန်ရက်စင်တာ (CENC) က ဝေမျှခဲ့သည့် ရုပ်သံတစ်ခုတွင်လည်း လုဒင်ကောင်တီ၌ ကျောက်တုံးကြီးများ တောင်နံဘေးသို့ ကျလာပြီး ဖုန်လုံးကြီးများ တလိပ်လိပ် ထသွားသည်ကို မြင်တွေ့ရသလို ငလျင်ကြောင့် လမ်းဘေးတယ်လီဖုန်းဝိုင်ယာကြိုးများ ယိမ်းထိုးလှုပ်ရမ်းနေသည်ကိုလည်း တွေ့ခဲ့ရသည်။

ငလျင်ကြောင့် ဖြစ်ပေါ်သည့် မြေပြိုမှုများကြောင့် အနည်းဆုံး မြို့ငယ်တစ်မြို့ “အကြီးအကျယ် ထိခိုက်မှု” နှင့် ကြုံတွေ့ခဲ့ရကြောင်း စီစီတီဗွီ သတင်းဌာနက ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required