ပါကစ္စတန်နိုင်ငံ၏ သုံးပုံတစ်ပုံခန့် ရေလွှမ်းခံရပြီး ရေဘေးအကူအညီ အားထုတ်မှုများ အရှိန်မြှင့် လုပ်ဆောင်

ပါကစ္စတန်နိုင်ငံ၏ သုံးပုံတစ်ပုံခန့် ရေလွှမ်းခံရပြီး ရေဘေးအကူအညီ အားထုတ်မှုများ အရှိန်မြှင့် လုပ်ဆောင်

ဩဂုတ်လ ၃၀ ရက်

ပါကစ္စတန်နိုင်ငံတွင် မုတ်သုံရာသီ မိုးကြီးမှုကြောင့် နိုင်ငံ၏ သုံးပုံတစ်ပုံခန့်ကို ရေလွှမ်းမိုးမှု ဖြစ်စေခဲ့ပြီး လူပေါင်း ၁,၁၀၀ ကျော် သေဆုံးခဲ့ရပြီးနောက် သန်းနှင့်ချီသော ရေဘေးသင့် ပြည်သူများကို အကူအညီပေးနိုင်ရေးအတွက် ရေလွှမ်းမိုးသည့် ဧရိယာများတွင် အကူအညီပေးရေး အားထုတ်မှုများကို ဩဂုတ် ၃၀ ရက်တွင် အရှိန်မြှင့် လုပ်ဆောင်ခဲ့သည်။

ဇွန်လက စတင်ခဲ့သည့် မိုး သည်းကြီးမည်းကြီး ရွာသွန်းမှုများကြောင့် အဆိုပါ နိုင်ငံတွင် ဆယ်စုနှစ်တစ်စုကျော်အတွင်း အဆိုးဆုံးသော ရေကြီးရေလျှံမှုများကို ဖြစ်ပေါ်စေခဲ့ပြီး အလွန်အရေးပါသော သီးနှံစိုက်ခင်း အများအပြား ရေဖုံးလွှမ်းတိုက်စားခံလိုက်ရကာ လူနေအိမ် တစ်သန်းကျော် ထိခိုက် သို့မဟုတ် ပျက်စီးခဲ့ရသည်။

ယခုအခါ ရေဘေးသင့်ပြည်သူ လူပေါင်း ၃၃ သန်းကျော်အတွက် အကူအညီများ ဖြန့်ဝေမှုကို မြန်ဆန်သွက်လက်စွာ လုပ်ဆောင်နိုင်ရန် အာဏာပိုင်များနှင့် အကူအညီပေးရေး အသင်းအဖွဲ့များ အပြင်းအထန် ကြိုးစားနေကြရသည်။ လမ်းများ၊ တံတားများ ရေတိုက်စားခံလိုက်ရသည့်အတွက် လမ်းပန်းအဆက်အသွယ် ပြတ်တောက်နေသည့် ဧရိယာများတွင် အကူအညီပေးနိုင်ရေးက အလွန် ခက်ခဲသည့် အလုပ်တာဝန်တစ်ခု ဖြစ်နေသည်။

နိုင်ငံတောင်ပိုင်းနှင့် အနောက်ပိုင်းတွင် ခြောက်သွေ့သော မြေနေရာက အနည်းအကျဉ်း ရှိနေပြီး ရေဘေးကြောင့် နေရပ်ရွှေ့ပြောင်းလာကြသူများသည် ရေလွှမ်းခံထားရသည့် မြေပြန့်လွင်ပြင်များကနေ လွတ်မြောက်နိုင်ရန် အမြင့်ပိုင်း အဝေးပြေးလမ်းမများနှင့် ရထားသံလမ်းများပေါ် စုပြုံရောက်ရှိခဲ့ကြသည်။  

“ချက်ပြုတ် စားသောက်ဖို့အတွက်တော့ နေရာ မရှိဘူး ဖြစ်နေတယ်။ ကျွန်မတို့ အကူအညီ လိုအပ်ပါတယ်” ဟု နိုင်ငံ အလယ်ပိုင်း ဒီရာ ဂါဇီ ခန်း အရပ်မှ ကျောင်းသူတစ်ဦးဖြစ်သည့် ရင်ရှာ ဘီဘီက အေအက်ဖ်ပီကို ပြောသည်။

ပါကစ္စတန်တွင် နှစ်စဉ် မုတ်သုံရာသီအတွင်း မိုးအများအပြား ရွာသွန်းလေ့ရှိပြီး ရံဖန်ရံခါ ထိခိုက်ပျက်စီးမှု ဖြစ်စေသည့်အထိ မိုးကြီးတတ်သည်။ မုတ်သုံရာသီ မိုးက စိုက်ပျိုးရေးနှင့် ရေအထောက်အပံ့များအတွက် အရေးပါသည်။

သို့သော် ယခုကဲ့သို့ အလွန်အပြင်းအထန် မိုးကြီးမှုမျိုးကို ပြီးခဲ့သည့် ဆယ်စုနှစ်သုံးစုအတွင်း မကြုံခဲ့ဖူးဟု သိရသည်။

 

 

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly