အမေရိကန် ဒရုန်းများအတွက် ပါကစ္စတန်က လေပိုင်နက် အသုံးပြုခွင့်ပေးဟု အာဖဂန် စွပ်စွဲ 

အမေရိကန် ဒရုန်းများအတွက် ပါကစ္စတန်က လေပိုင်နက် အသုံးပြုခွင့်ပေးဟု အာဖဂန် စွပ်စွဲ 

ဩဂုတ်လ ၂၉ ရက်

အာဖဂန်နစ္စတန်နိုင်ငံအတွင်းသို့ အမေရိကန်ဒရုန်းများ ဝင်ရောက်နိုင်ရန်အတွက် ပါကစ္စတန်နိုင်ငံက လေပိုင်နက်အသုံးပြုခွင့် ပေးထားသည်ဟု အာဖဂန် ကာကွယ်ရေးဝန်ကြီး မိုဟာမတ် ယာကွတ် မူဂျာဟစ်က တနင်္ဂနွေနေ့တွင် စွပ်စွဲပြီး အမေရိကန်၏ ကျူးကျော်မှုက ဆက်လက်ရှိနေဆဲဖြစ်သည်ဟု ပြောဆိုသည်။ 

ကဘူးလ်မြို့တော်၌ အယ်ခိုင်ဒါခေါင်းဆောင် ဇာဝါဟီရီကို ဒရုန်းတိုက်ခိုက်မှုဖြင့် ရှင်းလင်းခဲ့ကြောင်း အမေရိကန်သမ္မတ ဂျိုး ဘိုင်ဒင်က ကြေညာပြီး တစ်လမပြည့်ခင် မူဂျာဟစ်က မှတ်ချက်ချပြောဆိုလာခြင်းပဲ ဖြစ်သည်။ 

လက်ရှိအထိ ကဘူးလ်ကောင်းကင်တွင် အမေရိကန်ဒရုန်းများ ပျံသန်းနေဆဲကို မြင်တွေ့နိုင်ကြောင်း မူဂျာဟစ်က ပြောသည်။ 

“ကျွန်တော်တို့ရဲ့ သတင်းအချက်အလက်တွေက ပြသနေတာကတော့ အမေရိကန်ဒရုန်းတွေဟာ ပါကစ္စတန်ကနေပြီး အာဖဂန်နစ္စတန်နိုင်ငံထဲ ဝင်ရောက်နေတာ ဖြစ်တယ်၊ ပါကစ္စတန်ရဲ့ လေပိုင်နက်ကို အသုံးပြုနေတာပဲ”ဟု ဒရုန်းများ ဘယ်မှ လာသနည်းဟု သတင်းထောက်များ၏ အမေးကို မူဂျာဟစ်က ဖြေဆိုသည်။ 

“ကျွန်တော်တို့ကို ဆန့်ကျင်ပြီး လေပိုင်နက် အသုံးပြုခွင့် ပေးတာကို ပါကစ္စတန်အနေနဲ့ မလုပ်ဖို့ ကျွန်တော်တို့ တောင်းဆိုတယ်”ဟု ၎င်းက ပြောသည်။ 

ယင်းသို့ ပြောဆိုမှုသည် ထင်ကြေးသက်သက် စွပ်စွဲချက်များသာ ဖြစ်ပြီး အလွန်စိတ်မကောင်းဖြစ်ရသည်ဟု ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့ နှောင်းပိုင်းတွင် ထုတ်ပြန်သည်။ “မည်သည့် နိုင်ငံကိုမဆို ဆန့်ကျင့်သည် အကြမ်းဖက်ဝါဒအတွက် ပိုင်နက်မြေကို အသုံးပြုခွင့် မပေး”ဟူသော ကတိကဝတ်ကို အာဖဂန်နစ္စတန်အနေဖြင့် လိုက်နာရမည်ဟုလည်း ယင်း ထုတ်ပြန်ချက်၌ ဆိုထားသည်။ 

မကြာသေးခင်က ဇာဝါဟီရီ သုတ်သင်ခံရခြင်းနှင့် ပတ်သက်ကာ လေပိုင်နက်ကို အသုံးပြုခွင့် မပေးထားကြောင်း ပါကစ္စတန် စစ်တပ်ကလည်း ယခင်က ငြင်းဆန်ထားသည်။ 

အာဖဂန်နစ္စတန်နိုင်ငံထဲ ထို ဒရုန်းများ ဖြန့်ကြက်မှုသည် “အမေရိကန်က အာဖဂန်နစ္စတန်နှင့် ဝေဟင်ပိုင်နက်ကို ကျူးကျော်နေဆဲပဲ ဖြစ်သည်ကို ရှင်းရှင်းလင်းလင်း ဖော်ပြနေကြောင်း” မူဂျာဟစ်က ပြောသည်။ 

“ဒီ ရှက်ဖွယ်ရာကို သူတို့တွေ လုပ်နေကြတာပဲ၊ ဒီ တရားမဲ့တဲ့ လုပ်ရပ်ကို ကျွန်တော်တို့ ရှုတ်ချတယ်၊ အမေရိကန်အနေနဲ့ ဒါကို အဆုံးသတ်ဖို့ တောင်းဆိုတယ်”ဟု ၎င်းက ပြောခဲ့သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly