ယူကရိန်း နျူကလီးယားစက်ရုံကို စစ်ဆေးရန် IAEA အဖွဲ့ ဦးတည်သွားရောက်နေ

ယူကရိန်း နျူကလီးယားစက်ရုံကို စစ်ဆေးရန် IAEA အဖွဲ့ ဦးတည်သွားရောက်နေ

ဩဂုတ်လ ၂၉ ရက်

မကြာသေးသည့် သီတင်းပတ်များအတွင်း တိုက်ခိုက်မှုများ၏ ပစ်မှတ်ဖြစ်ထားခဲ့သည့် ယူကရိန်း၏ ဇာပိုရစ်ဇီယာ နျူကလီးယား ဓာတ်အားပေးစက်ရုံကို စစ်ဆေးကြည့်ရှုရန် ဦးတည်သွားရောက်နေပြီဖြစ်ကြောင်း နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) အကြီးအကဲ ရာဖေးလ် ဂရော့စီက ဩဂုတ် ၂၉ ရက်တွင် ပြောသည်။

“မျှော်လင့်ထားတဲ့ နေ့ ဖြစ်လာပါပြီ။ အိုင်အေအီးအေရဲ့ ထောက်ကူပံ့ပိုးမှုနဲ့ အကူအညီပေးမှု မစ်ရှစ်အဖွဲ့ဟာ ဇာပိုရစ်ဇီယာ စက်ရုံဆီ ဦးတည်တဲ့ ခရီးစဉ်ကို သွားနေပါပြီ” ဟု ဂရော့စီက တွစ်တာတွင် ရေးသည်။

ကုလ အဏုမြူ စောင့်ကြည့်အဖွဲ့သည် ဥရောပ၏ အကြီးဆုံးသော နျူကလီးယား ဓာတ်အားပေးစက်ရုံကို ယခုသီတင်းပတ်ကုန်တွင် ရောက်ရှိလိမ့်မည်ဟု ဂရော့စီက ပြောသည်။

၎င်း၏ တွစ်တာပို့စ်တွင် ဓာတ်ပုံတစ်ပုံကိုပါ တင်ထားပြီး အဆိုပါ ပုံထဲတွင် IAEA အကြီးအကဲကို နျူကလီးယား စောင့်ကြည့်အဖွဲ့၏ လိုဂို တပ်ထားသော အပေါ်အင်္ကျီများဝတ်ထားပြီး ဦးထုပ်များ ဆောင်းထားသည့် လူ ၁၃ ဦးပါ အဖွဲ့တစ်ခုနှင့်အတူ တွေ့ရသည်။

ဂရော့စီသည် ယူကရိန်းနျူစက်ရုံဆိုဒ်နေရာသို့ သွားရောက်ခွင့်ရရေး လများကြာကတည်းက တောင်းဆိုနေခဲ့သူဖြစ်ပြီး နျူကလီးယား ကပ်ဘေးတစ်ခု၏ အန္တရာယ်အစစ်အမှန်နှင့်ပတ်သက်ပြီး သတိပေးထားခဲ့သည်။

ယူကရိန်း၏ ဓာတ်ပေါင်းဖို ခြောက်ခု ရှိနေသည့် ဇာပိုရစ်ဇီယာ စက်ရုံသည် ဖေဖေါ်ဝါရီ ၂၄ ရက် ရုရှကျူးကျော်မှုနောက်ပိုင်း ရုရှတပ်ဖွဲ့များ၏ သိမ်းပိုက်ခြင်းကို ခံထားရပြီး ထိုစဉ်နောက်ပိုင်းကတည်းက ရှေ့တန်းနေရာတွင် ဆက်ရှိနေခဲ့သည်။

အီနာဂိုနာ မြို့အနီး အဆိုပါ စက်ရုံဝန်းအနီးဝန်းကျင်တွင် အမြှောက်ဖြင့် ပစ်ခတ်မှုများအတွက် မော်စကိုနှင့် ကိယက်ဗ်တို့က အပြန်အလှန် အပြစ်ဖို့ထားခဲ့ကြသည်။

တိုက်ခိုက်မှုအသစ်များ နောက်ပိုင်း မီးလောင်မှုနှင့် ရေဒီယိုသတ္တိကြွ ယိုစိမ့်မှု အန္တရာယ်နှင့်ပတ်သက်ပြီး အဆိုပါ စက်ရုံ၏ ယူကရိန်း အော်ပရေတာ Energoatom ကုမ္ပဏီက ဩဂုတ် ၂၇ ရက်တွင် သတိပေးထားခဲ့သည်။

အဆိုပါ စက်ရုံ၏ ပတ်လည် ဧရိယာတွင် စစ်ရေးလှုပ်ရှားမှု အားလုံး ချက်ချင်း ရပ်ဆိုင်းရေး ကုလသမဂ္ဂကလည်း တောင်းဆိုထားသည်။

 

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly