ကချင်ပြည်နယ်ရှိ မြစ်ကြီးနားမြို့အပါအဝင် မြို့အချို့ လျှပ်စစ်မီးများပြတ်တောက်

ကချင်ပြည်နယ်ရှိ မြစ်ကြီးနားမြို့အပါအဝင် မြို့အချို့ လျှပ်စစ်မီးများပြတ်တောက်

ဩဂုတ် ၂၇

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အပါအဝင် မြို့အချို့တွင် ယမန်နေ့ ဩဂုတ်လ ၂၆ ရက်ညက လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးသည်းထန်စွာ ရွာသွန်းခြင်းများကြောင့် လျှပ်စစ်မီးများ ယမန်နေ့ညမှစ၍ ပြတ်တောက်နေကြောင်း ဒေသခံများထံက သိရသည်။

မြစ်ကြီးနားမြို့ရှိ မလိ-ဒဘတ် လျှပ်စစ်ပင်မရုံးခွဲတစ်လျှောက် မြစ်ကြီးနားမြို့တွင်း နေရာအချို့တွင် ဓာတ်တိုင်များကျိုးခြင်း၊ သစ်ပင်များကျိုးကျခြင်းတို့ကြောင့် လျှပ်စစ်လိုင်း (Line Fault )ပြတ်နေခြင်းဖြစ်ကြောင်း ဘူးဂါးလျှပ်စစ်ဌာန (အရေးပေါ်ဌာန)မှ စုံစမ်း သိရသည်။

မြစ်ကြီးနားမြို့ရှိ မလိ-ဒဘက် လျှပ်စစ်ပင်မရုံးသည် မြစ်ကြီးနားမြို့နယ်အပါအဝင် ဝိုင်းမော်မြို့နယ်များသို့ လျှပ်စစ်မီးများ ပြန်လည်ပေးပို့နေရသော လျှပ်စစ်ရုံးခွဲနေရာတစ်ခု ဖြစ်သည့်အတွက် လျှပ်စစ်ဓာတ်အားများ အမြန်ဆုံးပြန်လည်ပေးပို့နိုင်ရန် ကျိုးကျနေသော လျှပ်စစ်ဓာတ်တိုင်များကို အမြန်ဆုံးပြုပြင်ဆောင်ရွက်နေသည်ဟု ဘူးဂါးလျှပ်စစ် (အရေးပေါ်ဌာန)မှ သိရသည်။

ထို့အပြင် ကချင်ပြည်နယ်၏ ပင်မရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံတစ်ခုဖြစ်သော ချီဖွေငယ်ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံမှ စက်များ ကြံ့ခိုင်စစ်ဆေးမှုများကို ပြီးခဲ့သည့် သြဂုတ်လ ၂၃ရက်နေ့မှ စက်တင်ဘာ လ ၅ ရက်နေ့အထိ ၁၄ ရက်အတွင်း ဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အားဖြန့်ဖြူးရာတွင် ဓါတ်အားလုံလောက်ခြင်း မရှိသောကြောင့် လျှပ်စစ်ဗို့အားများ နည်းနိုင်မည်ဖြစ်ကြောင်းကိုလည်း ဘူးဂါးလျှပ်စစ်ဝန်ဆောင်မှုလုပ်ငန်းက အသိပေးကြေညာထားသည်။

စာတည်း ။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

#ကချင်ပြည်နယ်

#မြစ်ကြီးနားမြို့

#လျှပ်စစ်ရုံး

#မီးပြတ်တောက်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly