တရုတ်နှင့်တင်းမာမှုများ မြင့်တက်နေချိန် ထိုင်ဝမ်က ကာကွယ်ရေးအသုံးစရိတ် ၁၄ ရာခိုင်နှုန်းကျော် တိုးမြှင့် 

တရုတ်နှင့်တင်းမာမှုများ မြင့်တက်နေချိန် ထိုင်ဝမ်က ကာကွယ်ရေးအသုံးစရိတ် ၁၄ ရာခိုင်နှုန်းကျော် တိုးမြှင့် 

အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီ၏ ခရီးစဉ်အပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်တစ်ဝိုက်တွင်တရုတ်က စစ်ရေးလေ့ကျင့်မှု စတင်ပြီးနောက် သီတင်းပတ်များအကြာ၌ ထိုင်ဝမ်သည်၂၀၂၃ ခုနှစ်အတွက် ကာကွယ်ရေးဘတ်ဂျက်ကို အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၃ ဘီလီယံပေးရန် ဩဂုတ် ၂၅ ရက်တွင် အဆိုပြုလိုက်ပြီး ယခုနှစ် စုစုပေါင်းဘတ်ဂျက်၏ ၁၄ ဒသမ ၉ ရာခိုင်နှုန်း တိုး၍ တောင်းဆိုလိုက်ခြင်းဖြစ်သည်။

အဆိုပြုထားသော ဘတ်ဂျက်တွင် ပင်လယ်ရေကြောင်းနှင့် လေကြောင်းတိုက်ခိုက်ရေးစွမ်းရည်မြှင့်တင်ရန် ခေတ်မီတိုက်ခိုက်ရေးဂျက်လေယာဉ်များနှင့်အစီအစဉ်များအတွက် ထိုင်ဝမ်ဒေါ်လာ ၁၀၈ ဒသမ ၃ ဘီလီယံလည်း ပါဝင်သည်။ ထို့ကြောင့် တခြား အထူးရန်ပုံငွေများကိုပါ ထပ်ပေါင်းပါက စုစုပေါင်း ဘတ်ဂျက်သည် ထိုင်ဝမ် ဒေါ်လာ ၅၈၆ ဒသမ ၃ ဘီလီယံ ရှိလာမည်ဖြစ်သည်။ 

ဘတ်ဂျက်အဆိုပြုချက် အတည်ပြုရေးအတွက် နောက်လတွင်စတင်မည့် ဥပဒေပြုလွှတ်တော်သို့ တင်ပြထား သည်။
 ထိုင်ဝမ်သည် တရုတ်၏ ကြီးထွားလာသော ရန်လိုမှုနှင့် ရင်ဆိုင်နေရသလို တရုတ်က ယခုလအစောပိုင်းတွင် ထိုင်ဝမ်အနီးတစ်ဝိုက်တွင် အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှုများ လုပ်ဆောင်ခဲ့ပြီးနောက်ထိုင်ဝမ်သည် မိမိကိုယ်ကိုကာကွယ်ရန် ၎င်း၏စွမ်းရည်နှင့်ပတ်သက်၍ စိုးရိမ်မှု ကြီးမားလာသည်။
 
ထိုင်ဝမ်လွှတ်တော်အမတ်များသည် နှစ်စဉ်ကာကွယ်ရေးအသုံးစရိတ်အပြင် ၅ နှစ်တာ အထူးကာကွယ်ရေး ဘတ်ဂျက်အတွက် အမေရိကန်ဒေါ်လာ ၈ ဒသမ ၆ ဘီလီယံအပိုဆောင်းသုံးစွဲမှုဥပဒေကြမ်းကို ဇန်နဝါရီလ ကအတည်ပြုခဲ့သည်ဟု Nikkei Asia က ဖော်ပြခဲ့သည်။

တရုတ်၏ ကာကွယ်ရေးအသုံးစရိတ်မှာ ၂၀၂၁ ခုနှစ်က ၆ ဒသမ ၈ ရာခိုင်နှုန်းတိုးခဲ့ပြီး ယခုနှစ်တွင် ၁ ဒသမ ၄၅ ထရီလီယံအထိရှိလာကာ ၇ ဒသမ ၁ ရာခိုင်နှုန်းတိုးမြှင့်ခဲ့သည်။

လက်နက်များနှင့်ပတ်သက်၍ ထိုင်ဝမ်စစ်ဦးစီးချုပ်ဟောင်း လီဆီမင်းက ထိုင်ဝမ်အနေဖြင့် ကုန်ကျစရိတ်သက်သာပြီး တိုက်ခိုက်မှုခံနိုင်ရည်ရှိသော လက်နက်များကို ဦးစားပေးသင့်သည်ဟု မှတ်ချက်ပြုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required