တရုတ်နိုင်ငံ၌ အပူချိန်မြင့်မားလာသဖြင့် အနီရောင်သတိပေးချက်ကို သက်တမ်းတိုး

တရုတ်နိုင်ငံ၌ အပူချိန်မြင့်မားလာသဖြင့် အနီရောင်သတိပေးချက်ကို သက်တမ်းတိုး

တရုတ်နိုင်ငံ နေရာအနှံ့အပြားတွင် အပူလှိုင်းများဆက်တိုက်ကျရောက်နေသဖြင့် နိုင်ငံ၏စောင့်ကြည့်လေ့လာရေးအဖွဲ့က အပူချိန်မြင့်မားမှုအတွက် သတိပေးချက် ၄ ဆင့်အနက် အဆိုးဆုံးဖြစ်သော အနီရောင်သတိပေးချက်ကို ဩဂုတ် ၂၃ ရက်က သက်တမ်းထပ်တိုးခဲ့သည်။

ဂန်းစု၊ ရှန်းရှီး၊ အန်ဟွေး၊ ကျန်းစု၊ ရှန်ဟိုင်း၊ ဟူပေ၊ ဟူနန်၊ ကျန်ရှီး၊ ကျဲ့ကျန်း၊ ဖူကျီယန်၊ စီချွမ်၊ ချုံချင်း၊ ကွမ်ကျိုး၊ ကွမ်တုန်းနှင့်ကွမ်ရှီးပြည်နယ်တို့တွင် အပူချိန်သည် ၃၅ ဒီဂရီစဲလ်စီယပ်စ်မှ ၃၉ ဒီဂရီစဲလ်စီယပ်စ်အထိ ရှိလာမည်ဟု မျှော်လင့်ရကြောင်း မိုးလေဝသဌာနထုတ်ပြန်ချက်ကို ကိုးကား၍ ဆင်ဟွာသင်းဌာနက ဖော်ပြသည်။
  
ရှန်းရှီး၊ စီချွမ်၊ ချုံချင်း၊ ဟူနန်၊ ကျန်းရှီး၊ ကျဲ့ကျန်းနှင့်ဖူဂျီယန်တို့တွင် အပူချိန်သည် ၄၀ ဒီဂရီစဲလ်စီယပ်စ်ထက်ကျော်လွန်သွားနိုင်သည်ဟု ဆိုသည်။
 နိုင်ငံအနှံ့အပြား၌ အပူချိန်မြင့်မားနေချိန်တွင် ပေကျင်းအာဏာပိုင်များက အပူလှိုင်းတိုက်ဖျက်ရေး အရေးပေါ်အစီအမံများပြုလုပ်ရန်၊ ပူပြင်းသောအပူချိန်နှင့်ထိတွေ့ရသည့် လုပ်ငန်းများကို ရပ်ဆိုင်းရန်၊ မီးဘေး လုံခြုံရေးကို အထူးဂရုပြုရန်နှင့် ထိခိုက်လွယ်သောလူအုပ်စုများကို အထူးဂရုစိုက်ရန် အကြံပြုထားသည်။

တရုတ်က မိုးလေဝသစောင့်ကြည့်ခြင်းများကို စတင်လုပ်ဆောင်သည့် ၁၉၆၁ ခုနှစ်နောက်ပိုင်း ယခုနှစ်အပူလှိုင်းသည် အပြင်းထန်ဆုံးနှင့် အရှည်ကြာဆုံးဖြစ်ကြောင်း တရုတ်မိုးလေဝသသိပ္ပံအကယ်ဒမီမှ စီနီယာသုတေသီ ဆန်ရှောင်က ပြောသည်။

ယန်စီမြစ်ဝှမ်းတွင် ဆယ်စုနှစ် ၆ ခုအတွင်း နွေရာသီမိုးရေချိန် အနိမ့်ဆုံး ဖြစ်ခဲ့ကြောင်း ရေအရင်းအမြစ်ဝန်ကြီးဌာန (MWR) မှ တာဝန်ရှိသူတစ်ဦးက ပြီးခဲ့သည့် သီတင်းပတ်တွင် ပြောကြားခဲ့သည်။

ဇူလိုင်လအစပိုင်းကတည်းက တရုတ်နိုင်ငံ၏ တောင်၊ အလယ်ပိုင်းနှင့် အနောက်တောင်ဒေသများတွင် မိုးရွာသွန်းမှုနည်းပါးပြီး အပူချိန်မြင့်မားမှုကြောင့် မိုးခေါင်ရေရှားမှုနှင့် ကြုံတွေ့ခဲ့ရကြောင်း မိုးလေဝသဌာနက ထုတ်ပြန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly