ဘင်္ဂလားဒေ့ရှ်တွင် လျှပ်စစ်ချွေတာရန် ကျောင်းဖွင့်ရက်နှင့် အစိုးရရုံးအလုပ်ချိန်နာရီများကို လျှော့ချမည်

ဘင်္ဂလားဒေ့ရှ်တွင် လျှပ်စစ်ချွေတာရန် ကျောင်းဖွင့်ရက်နှင့် အစိုးရရုံးအလုပ်ချိန်နာရီများကို လျှော့ချမည်

ဩဂုတ်လ ၂၃ ရက်

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လျှပ်စစ်ဓာတ်အား ချွေတာရန် စာသင်ကျောင်းများကို တစ်ပတ်လျှင် ပိတ်ရက်တစ်ရက် ထပ်တိုးမည် ဖြစ်သလို အစိုးရရုံးများ၏ ရုံးဖွင့်ချိန်နာရီများကို လျှော့ချသွားမည် ဖြစ်ကြောင်း အစိုးရအရာရှိတစ်ဦးက ဩဂုတ် ၂၂ ရက်တွင် ပြောသည်။ အဆိုပါနိုင်ငံသည် ဒီဇယ်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံအားလုံးကို ပိတ်ထားခဲ့ရပြီးနောက် ဓာတ်အား ရှားပါးပြတ်လပ်မှုနှင့် ရင်ဆိုင်နေရသည်။

ယူကရိန်းအပေါ် ရုရှ ကျူးကျော်မှုကြောင့် ပြည်တွင်းသို့ တင်သွင်းသည့် လောင်စာဆီ စရိတ်စကတန်ဖိုးများကို မြင့်တက်စေခဲ့ပြီးနောက် တောင်အာရှနိုင်ငံသည် ပြီးခဲ့သည့်လက ယင်း၏ ဒီဇယ်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ ၁၀ ခုစလုံးကို ပိတ်ထားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်သည် ပြီးခဲ့သည့်လက နေ့စဉ် နှစ်နာရီ မီးဖြတ်သည့် စနစ်ကို စတင်ခဲ့သော်လည်း နိုင်ငံ၏ နေရာဒေသအများအပြားတွင် ပိုမို အချိန်ကြာမြင့်စွာ မီးပြတ်တောက်မှုများ ဖြစ်ပေါ်ထားခဲ့သည်။

ပိတ်ထားသည့် ဓာတ်အားပေးစက်ရုံများ၏ လျှပ်စစ်ထုတ်လုပ်မှုပမာဏက ဘင်္ဂလားဒေ့ရှ်၏ စုစုပေါင်း ဓာတ်အားထုတ်လုပ်နိုင်စွမ်းဖြစ်သော ၂၃,၀၀၀ မဂ္ဂါဝပ်၏ ခြောက်ရာခိုင်နှုန်းခန့်နှင့် ညီမျှသည်။ ပြည်တွင်း၌ ထုတ်လုပ်သလို ပြည်ပမှ တင်သွင်းသည့် သဘာဝဓာတ်ငွေ့ဖြင့် လျှပ်စစ်ဓာတ်အား စုစုပေါင်း၏ လေးပုံသုံးပုံနီးပါးခန့်ကို ထုတ်လုပ်ပေးလျက် ရှိသည်။

နိုင်ငံတွင် ကျောင်းများကို တစ်ပတ်လျှင် ပိတ်ရက်နှစ်ရက်အဖြစ် ဆက်ပိတ်ရန် ဝန်ကြီးချုပ် ရှိတ်ခ် ဟာစီနာ အစိုးရက ဆုံးဖြတ်ခဲ့ကြောင်း အစိုးရအဖွဲ့ အတွင်းရေးမှူး ကန်ဒ်ကာ အန်ဝါရူလ် အစ္စလမ်က သတင်းထောက်များကို ပြောသည်။

ပုံမှန်အားဖြင့် ကျောင်းများသည် တစ်ပတ်လျှင် ခြောက်ရက်ဖွင့်လှစ်ပြီး သောကြာနေ့တိုင်း ပိတ်ခြင်း ဖြစ်သည်။ သို့သော် လက်ရှိတွင် ကျောင်းများကို စနေနေ့များတွင်လည်း ဆက်ပိတ်ထားဦးမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ကြေညာခဲ့သည်။

ဩဂုတ် ၂၄ ရက်မှစပြီး အစိုးရရုံးဌာနများသည် ပုံမှန် ရုံးဖွင့်ချိန် မနက် ၉ နာရီမှ ညနေ ၅ နာရီအစား မနက် ၈ နာရီမှ ညနေ ၃ နာရီအထိ ဖွင့်လှစ်မည်ဖြစ်သလို ဘဏ်များမှာ ပုံမှန်ဖွင့်ချိန် မနက် ၁၀ နာရီမှ ညနေ ၆ နာရီအစား မနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ဖွင့်လှစ်မည် ဖြစ်သည်။

 

 

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly