ရန်ကုန်တွင် ဆေးဝါးနှင့်ဆေးပစ္စည်း လက်လီလက္ကားရောင်ချသည့်ဆိုင်အချို့ ပိတ်ထားဆဲဖြစ်

ရန်ကုန်တွင် ဆေးဝါးနှင့်ဆေးပစ္စည်း လက်လီလက္ကားရောင်ချသည့်ဆိုင်အချို့ ပိတ်ထားဆဲဖြစ်

ဩဂုတ် ၂၃

ရန်ကုန်(မဇ္ဈိမ)။ ။ ရန်ကုန်မြို့ရှိ သိမ်ကြီးစျေး၊ ဗိုလ်ချုပ်စျေးသစ်နှင့် မင်္ဂလာစျေးသစ်တို့ရှိ ဆေးဝါး နှင့်ဆေးပစ္စည်း လက်လီလက္ကားရောင်းချသည့်ဆိုင်အချို့မှာ ယနေ့(ဩဂုတ်လ ၂၃)တိုင်ပိတ်ထားဆဲဖြစ်ကြောင်း သိရ သည်။

အကြောင်းအရင်းမှာ စံချိန်တင်မြင့်တက်လာသည့် ဒေါ်လာစျေးအခြေအနေကြောင့် ရောင်းစျေး၊ ဝယ်စျေး တည်ငြိမ်မှုမရှိတော့သည့်အပြင် အချို့သော ဆေးနှင့်ဆက်စပ်ပစ္စည်းများမှာ စျေးကွက်အတွင်း ပြတ်လပ် သည်အထိ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် ဖြစ်သည်။

သိမ်ကြီးစျေး စျေးရုံအတွင်း၌ ဆေးဝါးနှင့် ဆေးပစ္စည်းရောင်းချသည့်ဆိုင်မှာ တစ်ဆိုင်၊ နှစ်ဆိုင်မျှသာ ရှိတော့ပြီး အချို့ဆိုင်များမှာ ပိတ်ထားကြောင်း သိရသည်။

“ဆေးက များများဝယ်မှာလား၊ နည်းနည်းဝယ်မှာလား။ နည်းနည်းပဲဝယ်မယ်ဆိုရင်တော့ သိမ်ကြီးစျေးက ရုပ်ရှင်ရုံရှိတဲ့ ဝင်ပေါက် ၁၂ အောက်ဆင်းသွားရင် ဆိုင်လေးတွေတော့ရှိတယ်။ ဒါပေမယ့် မစုံတော့ဘူး။ တချို့ဆိုင်တွေမဖွင့်တော့ဘူး။ များများဝယ်မယ်ဆို ဗိုလ်ချုပ်စျေးဘက်ကိုပဲသွားပါ။ အဲဒီမှာက စုံတယ်။ စျေးကတော့ တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် လိုက်မေးကြည့်။ စျေးများတဲ့ဆိုင်ရှိတယ်။ သက်သာတဲ့ ဆိုင်လည်းရှိတယ်။ အဲ့မှာ ကိုယ်လိုချင်သလောက်လည်း ရနိုင်တယ်။ ဒီမှာတော့ ဆိုင်တွေမရှိတော့ဘူး။ တော်တော်များများက ပိတ်သွားကြပြီ” ဟု စျေးသူစျေးသားများက ပြောသည်။

Junction City အောက်ဘက်ရှိ ဗိုလ်ချုပ်စျေးသစ်အတွင်း လိုက်လံကြည့်ရှုရာ ဆေးဆိုင်အများစု ပြန်လည် ဖွင့်လှစ်နေပြီဖြစ်သော်လည်း တစ်ဆိုင်နှင့်တစ်ဆိုင် စျေးနှုန်းကွာခြားမှုနှင့် ကုမ္ပဏီမတူသော ဆေးတံဆိပ် အသီးသီး ရောင်းချနေသည်ကိုလည်း တွေ့ရသည်။

“ဒီအချိန်မှာ တစ်ဆိုင်နဲ့တစ်ဆိုင်က စျေးမတူဘူးဆိုတာ တနေ့နဲ့တနေ့ကလည်း ဝယ်ရတဲ့စျေးမတူဘူး။ အဲဒီတော့ ရောင်းစျေးလည်းမတူနိုင်ဘူး။ ပြီးတော့ ကိုယ်ကဒီဆေးလိုချင်လို့ ဆိုင်မှာလာဝယ်ပေမယ့် ကုမ္ပဏီမတူ၊ ဆေးတူတာပဲရှိရင်လည်း လိုချင်ရင်တော့ ဝယ်သွားရမှာပဲ မတတ်နိုင်ဘူး။ ဆိုင်ခန်းတွေ ပိတ် ထားတာရှိတယ်။ တချို့ဆိုင်တွေ လောက်ပါပဲ။ တော်တော်များများတော့ ပြန်ဖွင့်နေကြပြီ။ အားလုံးက ရှိတာထုတ်ရောင်းနေကြတာ။ အရင်းပြုတ်မှ မရောင်းကြမယ့်သဘောရှိတယ်” ဟူ၍လည်း ဆေးဝါးနှင့် ဆေးပစ္စည်း လက်လီလက္ကားရောင်းချသည့် ဆိုင်တဆိုင်မှ ဆိုင်ရှင်နှင့်ဝန်ထမ်းများက ပြောသည်။

ဇူလိုင်လအတွင်းကလည်း မင်္ဂလာစျေးသစ်အတွင်းရှိ ဆေးဝါးရောင်းချသည့် ဆိုင်ခန်းအများစု ပိတ်ထား ခဲ့ရာ အချို့ဆိုင်ခန်းများမှာ ယခုတိုင် ပိတ်ထားဆဲဖြစ်သည်။

“ဒီမှာက လက်လီထက် လက္ကားဝယ်လို့ကောင်းတယ်။ ဒီမှာမှ မရတဲ့ဆေးဆို ဘယ်မှာမှသွားမရှာနဲ့ မရှိ တော့ဘူး။ တစ်ဆိုင်နဲ့တစ်ဆိုင်ကတော့ ရောင်းချင်လို့ အလုအယက်ပေါ့။ ဒီမှာ အိမ်သုံးဆေးတွေ ပိုရောင်းအားကောင်းတယ်။ နောက်ပြီး mask ပေါ့။ ဒီက ဒိုင်ပဲ။ ပြီးတော့ ဆေးပစ္စည်းတွေ ဒီမှာစုံတယ်။ ဆိုင်တချို့ကတော့ ပိတ်ထားသေးတာ ဟုတ်တယ်။ ပြန်ဖွင့်မလား ပြန်ဖွင့်မလားကြည့်နေတာ။ သူတို့ လည်း ရောင်းနိုင်တဲ့စျေးနဲ့ဆို ရောင်းမှာပေါ့။ အခုက ဒီနေ့ရောင်းစျေးထက် နောက်နေ့ဝယ်စျေးက တက်နေတော့ ရောင်းရတဲ့သူတွေလည်း ရှုံးပြီးရင်း ရှုံးနေတာ။ ဝယ်ရတဲ့သူတွေကလည်း ဒီနေ့မေးသွားတဲ့ စျေးက နောက်နေ့တက်သွားတော့ ဝယ်ဖို့တွန့်ဆုတ်လာကြတယ်။ ကျွန်တော်ပြောချင်တာကတော့ လိုချင် တာကို ဒီနေ့ဝယ်၊ နောက်နေ့မစောင့်နဲ့။ နောက်နေ့ဆို စျေးပိုတက်ပြီ။ အဲဒီလိုစျေးကွက်ဖြစ်အောင်၊ လူတွေကျပ်တည်းအောင်ကို တမင်လုပ်ထားတာ။ အဲဒီတော့ ဝယ်စရာရှိဝယ်၊ ပိုမဝယ်နဲ့။ ပစ္စည်း ပြတ်သွားတယ်ဆိုတာ မဖြစ်ဘူး။ စျေးကစားတာပဲရှိမှာ ဘယ်တော့မှ ရောင်းစရာမရှိတော့ဘူးဆိုတာ မဖြစ်ဘူး” ဟု ဆေးဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

အလားတူ အိမ်သုံးဆေးဝါးရောင်းချသည့် ရပ်ကွက်အတွင်းရှိ ဆေးဆိုင်များတွင်လည်း ဝယ်သူ နည်းပါး လျက်ရှိပြီး နှာစေး၊ ချောင်းဆိုးဖြစ်သူများအနေဖြင့် စပ်ဆေးများသာ အဝယ်များနေကြောင်း သိရသည်။

ဆေးကုမ္ပဏီမှ ဆေးများသည် တစ်ခေါက်လျှင် ၅၀ ရာခိုင်နှုန်းအထိ မြင့်တက်သည့်အတွက် ပြန်လည် ရောင်းချရသည့် ဆိုင်များအဖို့ ပစ္စည်းပြတ်၊ စျေးတတ်ဆဲဖြစ်သည်။

အင်္ဂလိပ်ဆေးအများစု သိုလှောင်ထားသောကုမ္ပဏီများကလည်း ပစ္စည်းထုတ်ရောင်းခြင်းမရှိဘဲ တတ်စျေး စောင့်နေခြင်းကြောင့် ဖြစ်သည်ဟုလည်း သိရသည်။

တစ်ရက်လျှင် ၁၀၀,၀၀၀ ကျော်ဖိုးရောင်းရသည့် ဆေးဆိုင်မှာလည်း ၅၀,၀၀၀ ဖိုးရောင်းရရန်ပင် ခက်ခဲ နေကြသည်။

ဆေးပစ္စည်းများကလည်း ယခင်လို အလွယ်တကူ ဝယ်ယူရရှိနိုင်ခြင်းမရှိတော့သည့်အတွက် ဆိုင်များအဖို့ ရောင်းကုန်သွားပါက ထပ်ရောင်းရန် ပစ္စည်းမဖြည့်နိုင်တော့မည်စိုး၍ ယခုစျေးနှင့် ရောင်းရမည်ကိုပင် ကြောက်လန့်နေရကြောင်း ဆေးလောကအသိုင်းအဝိုင်းထံမှတဆင့် သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ် ။ ။ စောဖေ

#ရန်ကုန်မြို့

#ဆေးဝါးနှင့်ဆေးပစ္စည်း

#ကုန်စျေးနှုန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required