ဘိုင်ယန်မြူးနစ်တိုက်စစ်ကစားသမား ဆာဒီယိုမာနေးက နည်းပြ ဂျူလီယန် နာဂယ်လ်မန်းရဲ့ ပြင်းထန်တဲ့ လေ့ကျင့်ရေးအစီအစဉ်တွေနဲ့ နည်းဗျူဟာပိုင်း အတွေးအခေါ်ကို အသိအမှတ်ပြုချီးကျူးပြီး အသင်းရဲ့ စံချိန်တင်ရာသီအစကို အံ့ဩစာရာမရှိဘူးလို့ ပြောပါတယ်။
ဘိုင်ယန်မြူးနစ်ဟာ သုံးပွဲစလုံးအနိုင်ရထားပြီး သူတု့ိရဲ့ +၁၄ ဂိုးကွာခြားချက်ကြောင့် ဘွန်ဒက်လီဂါသမိုင်းမှာ အကောင်းဆုံးစတင်နိုင်ခဲ့ပါတယ်။ သုံးကြိမ်တိုင်တိုင် အမှတ်ပေးဇယားမှာ တစ်သင်းတည်း ရပ်တည်နေတာပါ။
မာနေးဟာ တနင်္ဂနွေနေ့က ဘိုချမ်အသင်းကို ၇-၀ ဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ နှစ်ဂိုး သွင်းယူနိုင်ခဲ့ပြီးနောက် သူက ဘိုင်ယန်ရဲ့ ပြင်ဆင်မှုဟာ ကွင်းထဲမှာ ပြသခဲ့တယ်လို့ ပြောပါတယ်။
"ဒါဟာ မယုံနိုင်စရာပါပဲ၊ ဒါပေမယ့် ကျနော်တို့ လေ့ကျင့်ပေးထားပုံက ကျနော့်အတွက် အံ့သြစရာတော့ မဟုတ်ပါဘူး"လို့ မာနေးက ဘွန်ဒက်လီဂါ ဝက်ဘ်ဆိုက်ကို ပြောခဲ့ပါတယ်။
"ဒါက မြင့်မားတဲ့ အဆင့်၊ မြင့်မားတဲ့ ပြင်းထန်မှုပဲ... လေ့ကျင့်ရေးမှာ ကျနော်တို့လုပ်သမျှ အရမ်းကြိုးစားတဲ့အတွက် ပြန်ရတာပါ။"
လီဗာပူးလ်အသင်းနည်းပြ ယာဂန် ကလော့ပ်လက်အောက်မှာ ခြောက်နှစ်ကြာကစားခဲ့တဲ့ အသက် ၃၀ အရွယ် ဆီနီဂေါကစားသမားဟာ အသင်းအပေါ် လွမ်းမိုးမှုအတွက် နာဂယ်လ်မန်းကို ချီးကျူးခဲ့ပါတယ်။
"ကျနော်တို့မှာ အရမ်းကောင်းတဲ့ နည်းပြတစ်ယောက်ရှိတယ်။"
“သူ့မှာရှိနေတဲ့ စိတ်ကူးတွေက မယုံနိုင်လောက်အောင်ပါပဲ။
"တခြားအသင်းတွေက ကျနော်တို့ကို ရင်ဆိုင်ဖို့ အရမ်းခက်ခဲပါတယ်။"
မာနေးဟာ နွေရာသီက လီဗာပူးလ်ကနေ ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့ကြေး ယူရို ၃၂ သန်း (ပေါင် ၂၇.၄ သန်း)နဲ့ ရောက်ရှိခဲ့ပြီး မြူးနစ်အသင်းအတွက် ပြိုင်ပွဲစုံ လေးပွဲမှာ လေးဂိုး သွင်းယူထားပါတယ်။
မာနေးဟာ ဘိုချမ်နဲ့ ပွဲစဉ်မှာ ပထမပိုင်းနဲ့ ဒုတိယပိုင်းမှာ ပင်နယ်တီကနေ ကန်သွင်းမှုနဲ့ သွင်းယူခဲ့တာပါ။ ဘိုင်ယန်မြူးနစ်ရဲ့ ပင်နယ်တီကန်သွင်းသူအဖြစ် သူတာဝန်ယူထားပုံရပါတယ်။
မာနေးဟာ လီဗာပူးလ်အတွက် ၁၉၆ ပွဲကစားပြီး ပင်နယ်တီသွင်းဂိုးမပါ ဂိုး ၉၀ သွင်းယူထားပေမယ့် အသင်းဖော် အီဂျစ်တိုက်စစ်မှူး မိုဆာလာက ကြိုးကြာနီတို့ရဲ့ ဦးစားပေး ပင်နယ်တီကန်းသွင်းသူဖြစ်ခဲ့ပါတယ်။
မာနေးဟာ ဖေဖော်ဝါရီက ဆာလက်ရဲ့ အီဂျစ်ကို အနိုင်ယူခဲ့တဲ့ပွဲမှာ အသင်းရဲ့ အဆုံးအဖြတ် ပင်နယ်တီကို ကန်သွင်းခဲ့ပြီး ဆီနီဂေါအသင်းဟာ လာမယ့်နိုဝင်ဘာလမှာ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ကစားရမှာဖြစ်ပါတယ်။
(AFP)