ပါကစ္စတန်နိုင်ငံသားများက ငွေကြေးအခက်အခဲများကို လူမှုကွန်ရက်ပေါ်တွင် ဖော်ပြကာ  ကုန်ဈေးနှုန်းတက်ခြင်းအတွက် အစိုးရကို ဝေဖန်

ပါကစ္စတန်နိုင်ငံသားများက ငွေကြေးအခက်အခဲများကို လူမှုကွန်ရက်ပေါ်တွင် ဖော်ပြကာ  ကုန်ဈေးနှုန်းတက်ခြင်းအတွက် အစိုးရကို ဝေဖန်

ပါကစ္စတန်နိုင်ငံသားများသည် လက်ရှိ ၎င်းတို့ ကြုံတွေ့နေရသော ငွေကြေးဆိုင်ရာ အခက်အခဲ ပြဿနာများနှင့်ပတ်သက်ပြီး အွန်လိုင်းပေါ်တွင် ထုတ်ဖော်မျှဝေရင်း ညည်းညူလျက်ရှိသလို ပြည်သူများ သက်သာချောင်ချိနိုင်စေရန် မည်သည့်အရာမှ လုပ်ပေးခြင်းမရှိဘဲ တာဝန်ပျက်ကွက်နေသည့် ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှာရစ်နှင့် ပါကစ္စတန် မွတ်စလင်အဖွဲ့ချုပ် နာဝက်ဇ် (PML-N) ပါတီ ထိပ်ပိုင်းခေါင်းဆောင် မာယမ် နာဝက်ဇ်တို့ကို ပြည်သူတို့က ပြစ်တင်ဝေဖန်နေကြကြောင်း မီဒီယာသတင်းများက ဖော်ပြသည်။

ပါကစ္စတန်သည် ဆိုးဝါးသော စီးပွားရေး အကျပ်အတည်းတစ်ခုနှင့် ရင်ဆိုင်လုံးပန်းနေရစဉ် ယင်းကဲ့သို့ နိုင်ငံသားများ၏ ဝေဖန်သံများ ထွက်ပေါ်လာခြင်း ဖြစ်သည်။ လက်ရှိ နိုင်ငံရေး ဝရုန်းသုန်းကား အခြေအနေ နက်ရှိုင်းလာနေခြင်းနှင့်အတူ ထပ်တလဲလဲ ပေါ်ပေါက်နေသော ပြည်ပ ငွေပေးငွေယူ ရှင်းတမ်းလက်ကျန် အကျပ်အတည်းကို ဖြစ်ပေါ်စေသည့် စီးပွားရေးဆိုင်ရာ ကာလကြာ ရှိနေခဲ့သော ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ ပြဿနာများကို ကိုင်တွယ်ရေးနှင့် ရှေ့ကို ဆက်သွားနိုင်ရေး ခက်ခဲသည့် ဆုံးဖြတ်ချက်များ ချမှတ်ရမည့် အစိုးရ၏ လုပ်နိုင်စွမ်းနှင့်ပတ်သက်ပြီး သံသယများကို ပေါက်ပွားလာစေလျက် ရှိသည်။

 အဆိုပါ တောင်အာရှနိုင်ငံ၌ မကြာသေးခင်က လူမှုကွန်ရက်ပေါ် ပြန့်နှံ့လာသော ဗီဒီယိုတစ်ခုထဲတွင် ကရာချိမြို့နေ အမျိုးသမီးတစ်ဦးက ကုန်ဈေးနှုန်းတက်မှု၊ ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်မှုနှင့်ပတ်သက်ပြီး အစိုးရကို ဝေဖန်ပြောဆိုနေသည်ကို တွေ့ရသည်။ 

သူမအနေဖြင့် သူမ၏ သားသမီးများကို အစားအစာ ဆက်မကျွေးတော့ဘဲ ကလေးများ၏ အသက်ကို အဆုံးသတ်လိုက်သင့်ပြီလား ဆိုပြီး အစိုးရအား မေးခွန်း ထုတ်ခဲ့သည်ကို ထိုဗီဒီယိုထဲတွင် မြင်တွေ့နိုင်ကြောင်း ARY News က ဩဂုတ် ၈ ရက်တွင် ဖော်ပြသည်။

ဗီဒီယိုထဲတွင် ကရာချိမြို့မှ ရာဘီယာ အမည်ရ အမျိုးသမီးတစ်ဦးသည် နိုင်ငံတွင် ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်ပြီးနောက် သူမ ရင်ဆိုင်ကြုံတွေ့နေရသည့် ငွေရေးကြေးရေး ပြဿနာများအကြောင်း ညည်းညူပြောကြားရင်း ငိုကြွေးနေခဲ့သည်ကို တွေ့ရသည်။

တွစ်တာတွင် တင်ခဲ့သည့် ဗီဒီယိုထဲတွင် သူမသည် အများပြည်သူအတွက် မည်သည်ကိုမှ လုပ်ဆောင်ပေးနိုင်ခြင်း မရှိသည့် ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှာရစ်နှင့် PML-N ထိပ်ပိုင်းခေါင်းဆောင် မာယမ် နာဝက်ဇ်တို့ကို ပြစ်တင်ဝေဖန်ထားခဲ့သည်ကို တွေ့ခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly