ကိုယ်ဝန်ဆောင်ချိန်နှင့်မီးဖွားပြီးနောက်ပိုင်း ထောက်ပံ့ပေးမှု မူဝါဒများဖြင့် ကလေးမွေးဖွားမှုနှုန်း တိုးမြှင့်ရန် တရုတ်အစိုးရ ကြိုးပမ်း

ကိုယ်ဝန်ဆောင်ချိန်နှင့်မီးဖွားပြီးနောက်ပိုင်း ထောက်ပံ့ပေးမှု မူဝါဒများဖြင့် ကလေးမွေးဖွားမှုနှုန်း တိုးမြှင့်ရန် တရုတ်အစိုးရ ကြိုးပမ်း

နိုင်ငံတွင်း၌ ကလေးမွေးဖွားမှုနှုန်း ကျဆင်းနေချိန်တွင် တရုတ်အာဏာပိုင်များသည် ‘ဟန်ချက်ညီသော ရေရှည် လူဦးရေ ဖွံ့ဖြိုးတိုးတက်မှု’ကို မြှင့်တင်ရန် ကိုယ်ဝန်ဆောင်ချိန်နှင့် မီးဖွားပြီးနောက် ပံ့ပိုးကူညီမှုဆိုင်ရာ မူဝါဒများ ပါသော ညွှန်ကြားချက်တစ်ရပ်ကို ထုတ်ပြန်လိုက်သည်။

ယင်းအစီအမံများတွင် ပိုမိုကောင်းမွန်သော မိခင်စောင့်ရှောက်မှုဝန်ဆောင်မှုများနှင့် ပြည်သူ့အကျိုးပြု ကလေးထိန်းဝန်ဆောင်မှုများနှင့်  မီးဖွားခွင့်ဆိုင်ရာ မူဝါဒများ ပါဝင်ကြောင်း အမျိုးသားကျန်းမာရေးကော်မရှင်မှ ဩဂုတ် ၁၆ ရက်က ထုတ်ပြန်သည့် လမ်းညွှန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် အိမ်ရာနှင့် အခွန်ကောက်ခံမှုဆိုင်ရာ ဦးစားပေးမူဝါဒများနှင့် မျိုးပွားမှုကို အန္တရာယ်မဖြစ်စေသော လုပ်ငန်းခွင်များကို အားပေးမြှင့်တင်ရန်လည်း ပါဝင်ကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့သည်။

မကြာသေးခင်နှစ်များအတွင်း တရုတ်သည် မီးဖွားခြင်းဆိုင်ရာအာမခံရယူသူ လူဦးရေတိုးတက်လာသည်ကို မြင့်တွေ့ခဲ့ရပြီး ၂၀၂၁ ခုနှစ်တွင် လူဦးရေ သန်း ၂၄၀ တိုးလာကာ ၂၀၁၂ ခုနှစ်ကထက် ၁ ဒသမ ၅ ဆ ပိုများသည်။ 

တရုတ်သည် လူဦးရေအကျပ်အတည်းကို ရှောင်ရှားရန် တစ်အိမ်ထောင် ကလေးတစ်ဦး မူဝါဒကို ဖြေလျှော့ပေးခဲ့သော်လည်း မွေးဖွားနှုန်းသည် ၂၀၁၇ ခုနှစ်နောက်ပိုင်း ကျဆင်းလာခဲ့သည်။

ကုန်ကျစရိတ်မြင့်မားမှုကြောင့် ဇနီးမောင်နှံများက နောက်ထပ် ကလေးထပ်မလိုချင်မှုကို တုံ့ပြန်သည့်ဟန်ဖြင့် တရုတ်သည် ကလေး ၃ ဦးအထိယူရန် ခွင့်ပြုသော လူဦးရေနှင့်မိသားစုစီမံကိန်းဥပဒေသစ်ကို ပြီးခဲ့သည့်နှစ်က ထုတ်ပြန်ခဲ့သည်။

၂၀၂၀ ခုနှစ်က ပြုလုပ်သည့် သန်းခေါင်စာရင်းအရ တရုတ်၏လူဦးရေသည် ၁ ဒသမ ၄၁၂ ဘီလီယံရှိကာ သမိုင်း တစ်လျှောက် အနှေးကွေးဆုံးတိုးတက်မှုနှုန်းဖြစ်ခဲ့ပြီးနောက် ကလေး ၃ ဦးအထိ ယူခွင့်ပြုရန် အာဏာပိုင်များက ခွင့်ပြုခဲ့သည်။

အသက် ၆၀ အထက်အရွယ်သည် ၁၈ ဒသမ ၇ ရာခိုင်နှုန်းတိုးလာကာ ၂၆၄ သန်းအထိ ရှိလာသောကြောင့် တရုတ်၏ လူဦးရေပြဿနာသည် ပိုမိုဆိုးရွားလာမည်ဟု ခန့်မှန်းရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly