ရုရှ ထိန်းချုပ်သော နျူကလီးယားစက်ရုံဆီ စုံစမ်းစစ်ဆေးသူများကို ပူတင်က ခွင့်ပြု 

ရုရှ ထိန်းချုပ်သော နျူကလီးယားစက်ရုံဆီ စုံစမ်းစစ်ဆေးသူများကို ပူတင်က ခွင့်ပြု 

ဩဂုတ်လ ၂၀ ရက်

ယူကရိန်းနိုင်ငံက ရုရှသိမ်းပိုက်ထားသော ဇာပိုရေးရှား နျူကလီးယားစက်ရုံအနီး တိုက်ပွဲများ ဖြစ်ပွားနေသည်ကို စိုးရိမ်ပူပန်မှုများ ကြီးထွားနေစဉ် ရုရှသမ္မတ ဗလာဒီမာ ပူတင်က ယင်း စက်ရုံဆီ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး အရာရှိများကို လာရောက်ခွင့်ပြုရန် သဘောတူလိုက်ကြောင်း ပြင်သစ်သမ္မတရုံးက သောကြာနေ့တွင် ပြောသည်။ 

ရုရှ၏ ထိုးစစ်များ ရပ်တန့်အောင် ယူကရိန်းတပ်များက စွမ်းဆောင်ထားသည်ဟု အမေရိကန် ကာကွယ်ရေး တာဝန်ရှိသူတစ်ဦးက ပြောထားချိန်၌ အဆိုပါ စုံစမ်းစစ်ဆေးသူများသည် ယူကရိန်း သို့မဟုတ် ရုရှမှတစ်ဆင့် သွားရောက်မည်လားဆိုခြင်းနှင့် ပတ်သက်သော အငြင်းပွားမှုက ဖြေရှင်းလိုက်နိုင်ပုံ ရသည်. 

“တိုက်ပွဲမြေမှာ ရုရှဟာ အောင်မြင်မှု အတော်နည်းတာကို ခင်ဗျားတို့ မြင်တွေ့နေတာပဲ”ဟု အမည်မဖော်သော ယင်း အရာရှိက ဆိုသည်။ 

နိုင်ငံတကာ နျူကလီးယားစွမ်းအင်အေဂျင်စီ IAEA က ဇာပိုရေးရှာ နျူကလီးယားစက်ရုံဆီ ရုရှမှတစ်ဆင့် သွားရောက်ရမည်ဟု ၎င်း၏ တောင်းဆိုထားချက်ကို ပူတင်က “ပြန်လည်သုံးသပ်ခဲ့ကြောင်း” ပြင်သစ်သမ္မတ အမ်မန်နျူရယ် မက်ခရွန်၏ ရုံးအရ သိရသည်။ 

စက်ရုံဆီ “သွားရောက်မည့် IAEA ၏ ရည်ရွယ်ချက်ကို ရုရှရော ယူကရိန်းကပါ ထောက်ခံမှုပြသည့် မကြာသေးခင်က ထုတ်ပြန်ချက်များကို ကြိုဆိုကြောင်း IAEA နျူကလီးယား စောင့်ကြည့်ရေးအဖွဲ့၏ အကြီးအကဲ ရာဖဲလ် ဂရိုစီးက ဆိုသည်။ 

တစ်ချိန်တည်းမှာပင် ကုလသမဂ္ဂ အကြီးအကဲ အန်တိုနီယို ဂူတာရပ်စ်က ယူကရိန်းပြည်သူ သန်းပေါင်းများစွာထံ ယင်း စက်ရုံမှ ဓာတ်အားပေးပို့နေခြင်းကို သိမ်းပိုက်ထားသော ရုရှတပ်များအနေဖြင့် မဖြတ်တောက်ရန် တိုက်တွန်းပြောဆိုသည်။ 

ယူကရိန်းနှင့် ရုရှတို့ အပြန်အလှန် အပြစ်တင်နေသော ရုရှထိန်းချုပ်ထားသည့် ယင်း နျူကလီးယားစက်ရုံ ဝန်းကျင်၌ ဖြစ်ပွားသော တိုက်ပွဲများကြောင့် ချာနိုဘိုင်းတွင် ကြုံတွေ့ခဲ့သည့် နျူကလီးယား ဘေးအန္တရာယ် ပိုဆိုးသော ဘေးကို ကြုံရမည်ဆိုသော စိုးရိမ်ပူပန်မှုများ မြင့်တက်လျက်ရှိသည်။ 

မြေပြင်က အစစ်အမှန် အခြေအနေကို အကဲဖြတ်ရန် “ဖြစ်နိုင်သမျှ မြန်မြန်” IAEA က စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်သင့်ကြောင်းကို ပူတင်နှင့် မက်ခရွန်တို့က သဘောတူခဲ့ကြောင်း ရုရှက ထုတ်ပြန်သည်။ 

ယူကရိန်းတပ်များ၏ ဇာပိုရေးရှား နျူကလီးယားစက်ရုံဆီ စနစ်တကျ တိုက်ခိုက်နေခြင်းများကြောင့် အကြီးစား ကပ်ဘေး အန္တရာယ် ဖန်တီးနေသည်ကို ပူတင်က စိုးရိမ်ပူပန်ကြောင်း ဖော်ပြခဲ့သည်ဟု ယင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly