ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁၉ ။ ။ ယူကရိန်းနှင့် ဆီးရီးယားတို့ရှိ အကျပ်အတည်းများကြောင့် ဝါရှင်တန်နှင့် မော်စကိုကြား ဆက်ဆံရေးယိုယွင်းနေစဉ် အိုက်စလန်နိုင်ငံရှိ စစ်အေးခေတ်က ရေတပ် အခြေစိုက်စခန်းတစ်ခုကို ပြန်လည်ဖွင့်လှစ်ရန် အမေရိကန်က စီစဉ်နေသည်။
သတင်းရင်းမြစ်များ၏ ပြောကြားချက်အရ ကက်ဖလာဗစ်ဟု ခေါ်ဆိုသော ယင်းစစ်စခန်းကို ဒုတိယကမ္ဘာစစ်အတွင်းက တည်ဆောက်ခဲ့ပြီး အိုက်စလန်၏ မြို့တော် ရေကျာဗစ်အနီးတွင် တည်ရှိသည်။ ယင်းစခန်းအား မျိုးဆက်သစ်ထောက်လှမ်းရေးလေယာဉ်သစ်များ ထားရှိရန် မွမ်းမံမှုများပြုလုပ်မည်ဖြစ်သည်။
မြောက်အတ္တလန္တိတ်သမုဒ္ဒရာတွင် ကင်းလှည့်မှုများပြုလုပ်ရန် P-8 Posedon ထောက်လှမ်းရေးလေယာဉ်များ ထားရှိရေးစီမံကိန်းတစ်ခု၏့အစိတ်အပိုင်းအဖြစ် ကက်ဖလာဗစ်တွင် လေယာဉ်ရုံများ၊ အခြေခံအဆောက်အဦများကို တိုးချဲ့မွမ်းမံရန် ကနဦးပိုင်းတွင် ဒေါ်လာ ၂၂သန်းအသုံးပြုရန် အမေရိကန်က စီစဉ်ထားသည်။
အမေရိကန်၏ အဆိုပြုချက်ကို ကြိုဆိုသော်လည်း စစ်စခန်းမှ တိုးမြင့်ပြုလုပ်မည့် စစ်ဆင်ရေးများနှင့် ပတ်သက်၍ ဆွေးနွေးမှုများ မပြုလုပ်ရသေးဟု အိုက်စလန်ဝန်ကြီးချုပ် ဆစ်မန်ဒါဒေးဗစ်ဂန်လောက်ဆင်က ပြောသည်။ စစ်စခန်းကြောင့် ဖြစ်ပေါ်လာမည့် ဂယက်နှင့်ပတ်သက်၍ အိုက်စလန်ပြည်သူများ စိုးရီမ်ကြောင်း ထုတ်ဖော်ပြောကြားနေသည်။
"အိုက်စလန်းသားအများအပြားက စိုးရိမ်နေကြတယ်။ ၂၀၀၆က အဲဒီစခန်းပိတ်လိုက်တော့ အိုက်စလန်သားတွေ စိတ်သက်သာရာရခဲ့တယ်"ဟု Reykjavik Grapevine မဂ္ဂဇင်းမှ သတင်းအယ်ဒီတာ တစ်ဦးဖြစ်သူ ပေါလ်ဖောင်တိန်က ပြောသည်။
အမေရိကန်နှင့် ရုရှားတို့ စစ်ဖြစ်ပါက အိုက်စလန်တွင် အမေရိကန်စစ်စခန်းရှိသည့်အတွက် အိုက်စလန်ကို စစ်ထဲသို့ လျင်မြန်စွာဆွဲခေါ်သွားနိုင်သည်ဟု ဆန့်ကျင်သူများက စောဒကတက်လျက်ရှိသည်။
၁၉၉၁က စစ်အေးတိုက်ပွဲပြီးဆုံးပြီးနောက်ပိုင်း အမေရိကန်-ရုရှားဆက်ဆံရေးမှာ အနိမ့်ဆုံးအဆင့်ထိရောက်ရှိနေပြီး အဓိကအကြောင်းရင်းမှာ ယူကရိန်းအကျပ်အတည်းကြောင့်ဖြစ်သည်။