ဒေါ်အောင်ဆန်းစုကြည်အား ထောင်ဒဏ် ချမှတ်ခြင်းအတွက် ပြင်သစ် ရှုတ်ချ 

ဒေါ်အောင်ဆန်းစုကြည်အား ထောင်ဒဏ် ချမှတ်ခြင်းအတွက် ပြင်သစ် ရှုတ်ချ 

ဩဂုတ် ၁၇

မြန်မာတရားရုံးက ဖယ်ရှားခံ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ခြောက်နှစ် ချမှတ်လိုက်သည့် ဆုံးဖြတ်ချက်အား ပြင်သစ်အစိုးရက အင်္ဂါနေ့တွင် ရှုတ်ချလိုက်သည်။ 

ထိုပြင် မြန်မာနိုင်ငံ၌ အကြမ်းဖက်မှုများ အဆုံးသတ်ရေးအတွက်ကိုလည်း ထပ်လောင်းတိုက်တွန်းသည်။ 

စစ်တပ်အုပ်ချုပ်နေသော မြန်မာနိုင်ငံက တရားရုံးသည် ဒေါ်အောင်ဆန်းစုကြည်အား အကျင့်ပျက်ခြစားမှု လေးမှုဖြင့် အပြစ်ရှိကြောင်း စီရင်ကာ တနင်္လာနေ့တွင် ထောင်ဒဏ် ခြောက်နှစ် ချမှတ်ကြောင်းကို အမှုအကြောင်း သိရှိသည့် သတင်းရင်းမြစ်က ပြောသည်။ 

ဒေါ်အောင်ဆန်းစုကြည်က စွဲဆိုချက်များကို အဓိပ္ပာယ်မရှိဟု ဆိုကာ ၎င်းအပေါ် စွဲချက်များအားလုံးကို ငြင်းဆန်ထားသည်။ 

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ယခု ပြစ်ဒဏ် မတိုင်မီက အကျင့်ပျက်ခြစားမှု၊ COVID-19 စည်းမျဉ်းချိုးဖောက်မှုနှင့် ဆက်သွယ်ရေး ဥပဒေ ချိုးဖောက်မှုတို့ဖြင့် ယခင်က ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံထားရရာ ယခု နောက်ဆုံး ပြစ်ဒဏ်အားဖြင့် စုစုပေါင်း ထောင်ဒဏ် ၁၇ နှစ်အထိ ချမှတ်ခံရခြင်းပဲ ဖြစ်သည်။ 

ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်ဥပဒေ ချိုးဖောက်မှု၊ အကျင့်ပျက်ခြစားမှုနှင့် ရွေးကောက်ပွဲ မသမာမှုများ အပါအဝင် စွဲချက်များစွာဖြင့် တရားစွဲဆိုထားခြင်းကြောင့် အားလုံးသော အမှုများတွင် ပြစ်ဒဏ် စီရင်ခံရပါက ၎င်းအနေဖြင့် ထောင်ဒဏ် ဆယ်စုနှစ်များစွာ ချမှတ်ခံရနိုင်သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly