ယူကရိန်း၌ နျူလက်နက်များ သုံးရန် မလိုဟု ရုရှ ပြော

ယူကရိန်း၌ နျူလက်နက်များ သုံးရန် မလိုဟု ရုရှ ပြော

ဩဂုတ်လ ၁၆ ရက်

ရုရှအနေဖြင့် ယူကရိန်း၌ နျူကလီးယားလက်နက်များ သုံးရန် မလိုကြောင်း ရုရှ ကာကွယ်ရေးဝန်ကြီးက ဩဂုတ် ၁၆ ရက်တွင် ပြောသည်။ စစ်ပွဲတွင် မော်စကိုဘက်က နျူကလီးယား သို့မဟုတ် ဓာတုလက်နက်များ အသုံးပြုလာနိုင်သည် ဆိုပြီး မီဒီယာများ၏ မှန်းဆရေးသားချက်များက “အကြွင်းမဲ့ အလိမ်အညာများ” သာ ဖြစ်သည်ဟု ရုရှဝန်ကြီးက ပြောသည်။

“စစ်ရေး ရှုထောင့်အရ ပြောရမယ်ဆိုရင် ရုရှအနေနဲ့ သတ်မှတ်ထားတဲ့ ရည်မှန်းချက်တွေ ပြည့်မြောက်အောင်မြင်စေဖို့ ယူကရိန်းမှာ နျူလက်နက်တွေ သုံးဖို့ မလိုပါဘူး။ ရုရှ နျူကလီးယားလက်နက်တွေရဲ့ အဓိက ရည်ရွယ်ချက်က နျူကလီးယား တိုက်ခိုက်မှုတစ်ခုကို ဟန့်တားဖို့ ဖြစ်ပါတယ်” ဟု ရုရှကာကွယ်ရေးဝန်ကြီး ဆာဂေး ရွှိုင်ဂူက မော်စကိုရှိ နိုင်ငံတကာ လုံခြုံရေး ကွန်းဖရင့်တစ်ခုတွင် မိန့်ခွန်းပြောစဉ် ထည့်သွင်းပြောကြားသည်။

“အထူး စစ်ဖက် စစ်ဆင်ရေး လမ်းကြောင်းမှာ ရုရှရဲ့ နည်းဗျူဟာဆိုင်ရာ နျူကလီးယားလက်နက်တွေ အသုံးပြုနိုင်တယ်ဆိုတာနဲ့ ဒါမှမဟုတ် ဓာတုလက်နက်တွေ သုံးဖို့ အသင့်ရှိနေတယ် ဆိုပြီး မီဒီယာက ကောလာဟလတွေ ဖြန့်နေပါတယ်။ ဒီလို သတင်းအချက်အလက်ဆိုင်ရာ တိုက်ခိုက်မှု အားလုံးဟာ လုံးဝ အလိမ်အညာတွေပါပဲ” ဟု ၎င်းက ပြောသည်။

ယူကရိန်း စစ်ဖက်စစ်ဆင်ရေးများကို အမေရိကန်နှင့် ဗြိတိန်တို့က စီစဉ်နေခဲ့ခြင်း ဖြစ်သည်ဟု ရွှိုင်ဂူက စွပ်စွဲခဲ့သလို နေတိုးအုပ်စုသည် ဥရောပ အရှေ့နှင့် အလယ်ပိုင်းတွင် တပ်ဖွဲ့ဝင်များ တပ်ဖြန့်မှုကို တိုးချဲ့ထားခဲ့သည်ဟုလည်း ၎င်းက စွပ်စွဲခဲ့သည်။

အမေရိကန်နှင့် ရုရှ နျူကလီးယားလက်နက်များ ထိန်းချုပ်ရေးဆိုင်ရာ New START စာချုပ်နှင့်ပတ်သက်ပြီး ရွှိုင်ဂူက ပြောကြားရာတွင် စာချုပ်ကို သက်တမ်းတိုးရေး ဆွေးနွေးမှုများက နှစ်လမ်းသွားလမ်း ဖြစ်နေခဲ့ကြောင်းနှင့် ယင်းနှင့်ပတ်သက်ပြီး အခြေအနေက ခက်ခဲနေကြောင်း ပြောသည်။

“မဟာဗျူဟာမြောက် ထိုးစစ်လက်နက်တွေ ထိန်းချုပ်ကန့်သတ်မှု စာချုပ်နဲ့ပတ်သက်လို့ ခက်ခဲတဲ့ အခြေအနေတစ်ခု ဖြစ်ပေါ်နေပါတယ်။ သဘောတူညီချက်က ၂၀၂၆ အထိ ဆက်လက်အသက်ဝင်နေပါမယ်” ဟု ရွှိုင်ဂူက ပြောသည်။

“ရုရှဘက်ကတော့ လိုက်နာရမယ့် တာဝန်ဝတ္တရားတွေကို ဖြည့်ဆည်းနေသလို ကြေညာထားတဲ့ နျူကလီးယားထိပ်ဖူး လယ်ဗယ်တွေကလည်း သတ်မှတ်အကန့်အသတ်တွေထဲမှာ ရှိနေပါတယ်” ဟု ၎င်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly