တရုတ် Huawei ကုမ္ပဏီ၏ ၂၀၂၂ ခုနှစ် ပထမနှစ်ဝက်အတွင်း အမြတ် ၅၂ ရာခိုင်နှုန်း ကျဆင်းသွား

တရုတ် Huawei ကုမ္ပဏီ၏ ၂၀၂၂ ခုနှစ် ပထမနှစ်ဝက်အတွင်း အမြတ် ၅၂ ရာခိုင်နှုန်း ကျဆင်းသွား

ဝယ်ယူသူများ၏ စီးပွားရေးအခက်အခဲနှင့် အမေရိကန်၏ နည်းပညာဆိုင်ရာ ကန့်သတ် ထိန်းချုပ်မှုများကြောင့် တရုတ်နိုင်ငံ Huawei Technologies ကုမ္ပဏီ၏ ယခုနှစ် ပထမ ၆ လအတွင်း အမြတ်အစွန်း ထက်ဝက်ကျော် ကျဆင်းသွားကြောင်း ကုမ္ပဏီက ဩဂုတ် ၁၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။

‌အဆိုပါ ကာလအတွင်း ဝင်ငွေသည် ယမန်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၅ ဒသမ၉ ရာခိုင်နှုန်း ဖြစ်သော ၃၀၁ ဒသမ ၆ ဘီလီယံ ယွမ် (အမေရိကန်ဒေါ်လာ ၄၄ ဒသမ ၇၃ ဘီလီယံ) လျော့နည်းသွားပြီး ဇန်နဝါရီမှ မတ်လအတွင်း သိသာစွာ ကျဆင်းခဲ့သည်။

“ပစ္စည်းအရောင်းဘက်မှာ အများကြီး ထိခိုက်ခဲ့ပေမယ့် သတင်းအချက်အလက်နည်းပညာ အခြေခံအဆောက်အဦ ဆိုင်ရာ စီးပွားရေးမှာ ပုံမှန်တိုးတက်နေပါတယ်” ဟု Huawei ၏ အလှည့်ကျ ဥက္ကဋ္ဌ ကင်ဟူးက ပြောကြားသည်။

‌ရိုက်တာသတင်းဌာန၏ တွက်ချက်မှုများတွင်လည်း Huawei ၏ အမြတ်အစွန်းသည် ယွမ်ငွေ ၁၅ ဒသမ ၀၈ ဘီလီယံ သာရှိခဲ့ရာ ၂၀၂၁ ခုနှစ် ပထမနှစ်ဝက်၏ အမြတ်ငွေ ၃၁ ဒသမ ၃၉ ဘီလီယံယွမ်ထက် လျော့နည်းခဲ့သည်။ 

‌အားနည်းနေသည့် စီးပွားရေးအခြေအနေ၊ ကိုဗစ်-၁၀ ဖြစ်ပွားမှုနှင့် ထုတ်လုပ်မှုအဆင့်များတွင် ကြုံတွေ့ရသည့် အခက်အခဲများက စမတ်ဖုန်းနှင့် လက်ပ်တော့များ ထုတ်လုပ်သည့် ကုမ္ပဏီ၏ စီးပွားရေးကို ထိခိုက်စေခဲ့ကြောင်း ကုမ္ပဏီမှာ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

‌အဆိုပါ လုပ်ငန်း၏ ဝင်ငွေသည်လည်း ၄ ပုံ ၁ ပုံကျော် ကျဆင်းသွားကာ ယွမ်ငွေ ၁၀၁ ဒသမ ၃ ဘီလီယံသာ ရှိခဲ့သည်။ 

 Huawei အနေဖြင့် နည်းပညာသစ်နှင့် စီးပွားရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခဲ့ခြင်းကလည်း အမြတ်အစွန်းကို ထိခိုက်စေခဲ့သည်။ 

‌တရုတ်နိုင်ငံ၏ စမတ်ဖုန်း ထုတ်လုပ်သည့် လုပ်ငန်းသည် ဒုတိယ ၃ လအတွင်း ယခင်နှစ်ထက် ၁၄ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ရာ ၁၀ စုနှစ်တစ်ခုအတွင်း အနည်းဆုံး ဖြစ်ခဲ့ကြောင်း Counterpoint Research သုတေနသနအဖွဲ့က ဇူလိုင်လအတွင်း ထုတ်ပြန်ခဲ့သည်။

အမေရိကန်အစိုးရက ၂၀၁၉ ခုနှစ်တွင် Huawei အား ပို့ကုန်ဆိုင်ရာ အမည်ပျက်စာရင်းသို့ သွင်းခဲ့ပြီး အမေရိကန်မှ အရေးပါသည့် နည်းပညာကို အသုံးပြုခွင့် ပိတ်ပင်ခဲ့ရာ ချစ်ပ်ပြား ဒီဇိုင်းများ ထုတ်လုပ်ခြင်း စွမ်းရည်နှင့် ပြင်ပနိုင်ငံများမှ တင်သွင်းသည့် အစိတ်အပိုင်းရရှိရေးတို့တွင် ထိခိုက်မှုများ ဖြစ်စေခဲ့သည်။ 

ယင်းကဲ့သို့ ပိတ်ပင်ခြင်းကြောင့် တစ်ချိန်က ဟန်းဆက်ဈေးကွက်ကို လွှမ်းမိုးထားမှုအား ထိခိုက် ပျက်စီးစေခဲ့သည်။ 

Huawei က စမတ်ကား အစိတ်အပိုင်းများ၊ စွမ်းအင်သက်သာစေသည့် စနစ်များနှင့် Cloud ဝန်ဆောင်မှုလုပ်ငန်းများအပါအဝင် လုပ်ငန်းသစ်များကို တိုးချဲ့ခဲ့ရာ တရုတ်နိုင်ငံ၏ တိုးတက်လာသည့် ဈေးကွက်တွင် ၁၈ ရာခိုင်နှုန်း နေရာယူခဲ့ကြောင်း အကြံပေးအဖွဲ့ Canalys က ထုတ်ပြန်ခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly