၂၅ နှစ်အတွင်း ဖွံ့ဖြိုးပြီးနိုင်ငံ ဖြစ်လာရန် အိန္ဒိယ ရည်မှန်း

၂၅ နှစ်အတွင်း ဖွံ့ဖြိုးပြီးနိုင်ငံ ဖြစ်လာရန် အိန္ဒိယ ရည်မှန်း

ဩဂုတ်လ ၁၅ ရက်

အိန္ဒိယနိုင်ငံအနေဖြင့် လာမည့် ၂၅ နှစ်အတွင်း ဖွံ့ဖြိုးပြီးနိုင်ငံ တစ်နိုင်ငံ ဖြစ်လာရန် ရည်မှန်းသွားမည် ဖြစ်ကြောင်း ဝန်ကြီးချုပ် နာရင်ဒြာ မိုဒီက ဩဂုတ် ၁၅ ရက် လွတ်လပ်ရေးနေ့ မိန့်ခွန်းတစ်ရပ်တွင် ပြောကြားခဲ့သည်။ စွမ်းအင်၊ ကာကွယ်ရေးနှင့် ဒစ်ဂျစ်တယ် နည်းပညာဆိုင်ရာ ပြည်တွင်း ထုတ်လုပ်မှုကို အားပေးမည့် မူဝါဒများကိုလည်း ၎င်းက ပြောသွားခဲ့သည်။

အိန္ဒိယနိုင်ငံ ဗြိတိသျှ ကိုလိုနီ လက်အောက်မှ လွတ်လပ်ရေးရမှု ၇၅ နှစ်ပြည့် အထိမ်းအမှတ် ကျင်းပစဉ် ဒေလီရှိ ၁၇ ရာစု ခံတပ်နီမှ မိန့်ခွန်းပြောစဉ် မိုဒီက လူငယ်လူရွယ်များကို “ရည်မှန်းချက် ကြီးကြီးထားရန်” နှင့် နိုင်ငံ၏ အရေးကိစ္စအတွက် အကောင်းဆုံးနှစ်ကာလများကို ပေးဆပ်ရန် တိုက်တွန်းသွားခဲ့သည်။

“မိမိတို့ဟာ မိမိတို့ရဲ့ တစ်သက်တာအတွင်း လာမယ့် ၂၅ နှစ်ကာလထဲမှာ အိန္ဒိယကို ဖွံ့ဖြိုးပြီးနိုင်ငံတစ်နိုင်ငံအဖြစ် ပြောင်းလဲရပါလိမ့်မယ်” ဟု အသက် ၇၁ နှစ်ရှိ မိုဒီက ဟိန္ဒီဘာသာဖြင့် ပြောကြားသည့် ၎င်း၏ ၇၅ မိနစ် ကြာသော မိန့်ခွန်းတွင် ပြောသည်။

“ဒါက ကြီးမားတဲ့ သန္နိဋ္ဌာန်တစ်ခုပါ။ မိမိတို့ဟာ မိမိတို့ရဲ့ လုပ်နိုင်စွမ်းမှန်သမျှနဲ့ ရှေ့ကို ရောက်အောင် လုပ်ဆောင်သွားသင့်ပါတယ်” ဟု မိုဒီက ပြောသည်။

လက်ရှိတွင် ကမ္ဘာ့ဘဏ်က အိန္ဒိယကို ဝင်ငွေ အလယ်အလတ်အောက် စီးပွားရေး နိုင်ငံတစ်ခုအဖြစ် အတန်းအစား ခွဲခြားပြီး ယင်းသည် လူတစ်ဦးချင်း စုစုပေါင်း အမျိုးသားဝင်ငွေ ၁,၀၈၆ ဒေါ်လာနှင့် ၄,၂၅၅ ဒေါ်လာအကြား ရှိသည့် နိုင်ငံများကို ရည်ရွယ်သည်။ အမေရိကန်ကဲ့သို့ ဝင်ငွေမြင့် နိုင်ငံများသည် လူတစ်ဦးချင်း ဝင်ငွေ ဒေါ်လာ ၁၃,၂၀၅ သို့မဟုတ် ယင်း၏အထက်ပမာဏ ရှိသည်။

အိန္ဒိယ စီးပွားရေးသည် ကမ္ဘာ့ ဆဋ္ဌမမြောက် အကြီးဆုံး ဖြစ်ပြီး ၂၀၂၃ မတ်လတွင် ကုန်မည့် လက်ရှိဘဏ္ဍာနှစ်တွင် ၇ ရာခိုင်နှုန်းကျော် တိုးတက်မည်ဟု ခန့်မှန်းရပြီး ယင်းသည် အဓိကစီးပွားရေးနိုင်ငံများတွင် အမြန်ဆန်ဆုံးဖြစ်သည်။

လက်ရှိ လူတစ်ဦးချင်း ဝင်ငွေ ဒေါ်လာ ၂,၁၀၀ ခန့်က နိုင်ငံအများအပြားနှင့် ယှဉ်ပါက ဆက်လက် နိမ့်ပါးနေနိုင်သော်လည်း အိန္ဒိယ၏ စီးပွားရေးသည် ၂၀၅၀ အရောက်တွင် အမေရိကန်နှင့် တရုတ်၏ နောက် ကမ္ဘာ့တတိယအကြီးဆုံး ဖြစ်လာသည်အထိ ကြီးလာနိုင်သည်ဟု ကျွမ်းကျင်သူအများအပြားက ပြောကြသည်။

လူဦးရေ ၁ ဒသမ ၄ ဘီလီယံခန့်နှင့်အတူ အိန္ဒိယသည် လာမည့်နှစ်တွင် တရုတ်ကို ကျော်ပြီး ကမ္ဘာ့လူဦးရေ အများဆုံးနိုင်ငံ ဖြစ်လာဖွယ် ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly