ကုလ လူ့အခွင့်အရေးအကြီးအကဲ ဘင်္ဂလားဒေ့ရှ်၌ ရောက်ရှိနေပြီး ရိုဟင်ဂျာ ဒုက္ခသည်စခန်းများသို့ သွားရောက်မည်

ကုလ လူ့အခွင့်အရေးအကြီးအကဲ ဘင်္ဂလားဒေ့ရှ်၌ ရောက်ရှိနေပြီး ရိုဟင်ဂျာ ဒုက္ခသည်စခန်းများသို့ သွားရောက်မည်

ဩဂုတ်လ ၁၄ ရက်

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မစ်ချယ် ဘက်ချ်လက်သည် ဩဂုတ် ၁၄ ရက်တွင် လေးရက်တာ ခရီးစဉ်အဖြစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး သူမ၏ ခရီးစဉ်အတွင်း မြန်မာနိုင်ငံမှ ရိုဟင်ဂျာ ဒုက္ခသည် တစ်သန်းနီးပါး နေထိုင်ရာ ဒုက္ခသည်စခန်းများသို့လည်း သွားရောက်မည် ဖြစ်သည်။

၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်၏ ထိုးစစ်ဆင်မှုကြောင့် ရိုဟင်ဂျာ လူနည်းစုဝင်များ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် အလုံးအရင်းဖြင့် ထွက်ပြေးခဲ့ကြရသည်။ လူမျိုးတုန်း သတ်မှုဖြင့် မြန်မာနိုင်ငံကို စွပ်စွဲထားသည့် အထင်ကရ အမှုကိစ္စတစ်ခုကို ပြီးခဲ့သည့်လက ကုလ အဆင့်မြင့်တရားရုံးက မီးစိမ်းပြခဲ့သည်။

ငါးနှစ်ကြာလာခဲ့ပြီးနောက် ယခုအခါ စစ်တပ် အာဏာသိမ်းထားသည့် မြန်မာနိုင်ငံ၌ လုံခြုံရေးနှင့် အခွင့်အရေးဆိုင်ရာ အာမခံချက်များ ရှိမနေသည့်အတွက် ရိုဟင်ဂျာ ဒုက္ခသည်တို့သည် အိမ်ပြန်ရန် ငြင်းဆိုနေကြသည် ဖြစ်ရာ လက်ခံပေးထားသည့် အိမ်ရှင်နိုင်ငံ ဘင်္ဂလားဒေ့ရှ်အနေဖြင့် စိတ်မရှည်မှုများ တိုးလာခဲ့သည်။

တစ်ချိန်တည်းမှာပင် ဝန်ကြီးချုပ် ရှိတ်ခ် ဟာစီနာ လက်ထက်တွင် နိုင်ငံ၏ ကိုယ်ပိုင် လူ့အခွင့်အရေး မှတ်တမ်းနှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်သည်လည်း ဝေဖန်မှုများနှင့် ကြုံတွေ့ထားရသည်။ ယခု ခရီးစဉ်တွင် ကုလ လူ့အခွင့်အရေးအကြီးအကဲ ဘက်ချ်လက်သည် ဟာစီနာအပြင် ပြည်တွင်းတက်ကြွလှုပ်ရှားသူများနှင့် တွေ့ဆုံသွားမည် ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်၌ တရားလက်လွတ် သတ်ဖြတ်မှုများ၊ ညှဉ်းပန်းနှိပ်စက်မှုများ၊ အတင်းအကျပ် ဖမ်းဆီးဖျောက်ဖျက်မှုများ အပါအဝင် ကြီးလေးသော လူ့အခွင့်အရေး ချိုးဖောက်မှုများ အမြန်ဆုံး ရပ်ဆိုင်းရေး ဘက်ချ်လက်အနေဖြင့် လူသိရှင်ကြား တောင်းဆိုသင့်ကြောင်း HRW အပါအဝင် အဖွဲ့ ကိုးဖွဲ့က ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာက ကြီးလေးသော လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် ဘင်္ဂလားဒေ့ရှ် အမျိုးသားရဲတပ်ဖွဲ့ အကြီးအကဲ အပါအဝင် ထိပ်တန်းလုံခြုံရေးအရာရှိ ခုနစ်ဦးနှင့် နာမည်ဆိုးထွက်သော အထူးရဲတပ်ဖွဲ့တို့အပေါ် အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခဲ့သည်။

ဟာစီနာ လက်ထက်တွင် ဘင်္ဂလားဒေ့ရှ် လုံခြုံရေးတပ်ဖွဲ့များသည် ပစ်ခတ်မှုများအတွင်း လူထောင်ချီကို သေဆုံးစေခဲ့သလို တစ်ချိန်တည်းမှာပင် အတိုက်အခံဘက်မှ လူအများစု အပါအဝင် အခြားလူရာချီတို့လည်း ပျောက်ကွယ်ခဲ့ရကြောင်း တက်ကြွလှုပ်ရှားသူများက ပြောသည်။

ဘက်ချ်လက်၏ ခရီးစဉ် မတိုင်မီ စွပ်စွဲချက်များကို ဘင်္ဂလားဒေ့ရှ် အစိုးရက ငြင်းဆန်ပြီး ၎င်းတို့အနေဖြင့် ပြည်သူတို့၏ လူ့အခွင့်အရေးကို အားပေး ကာကွယ်စောင့်ရှောက်ရန် ရည်ရွယ်သည့် စစ်မှန်သော အားထုတ်မှုများကို မီးမောင်းထိုးပြသမည်ဟု ထုတ်ပြန်ချက်တစ်ရပ်တွင် ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly