အိမ်နီးချင်းနိုင်ငံများနှင့် ကုန်သွယ်ရေးတွင် ပါကစ္စတန် လိုငွေပြမှု မြင့်တက်နေ

အိမ်နီးချင်းနိုင်ငံများနှင့် ကုန်သွယ်ရေးတွင် ပါကစ္စတန် လိုငွေပြမှု မြင့်တက်နေ
Photo: EPA

ပါကစ္စတန်သည် အိမ်နီးချင်းနိုင်ငံများနှင့် ကုန်သွယ်ရာတွင် ကုန်သွယ်မှုလိုငွေပမာဏ သိသိသာသာ တိုးလာခြင်းနှင့် ရင်ဆိုင်နေရပြီး ဒေသတွင်း ၉နိုင်ငံထံမှ ပါကစ္စတန်၏ သွင်းကုန်တင်သွင်းမှုက ပို့ကုန် တင်ပို့မှုများနှင့်ယှဉ်ပါက ၂ဆနီးပါး မြင့်တက်ထားခဲ့ကြောင်း ပါကစ္စတန် ဗဟိုဘဏ်က ထုတ်ပြန်သည့် ဒေသအချက်အလက်များကို ကိုးကားပြီး မီဒီယာသတင်းများက ဖော်ပြသည်။

၂၀၂၀-၂၁ ဘဏ္ဍာနှစ် ကိန်းဂဏန်းများနှင့် နှိုင်းယှဉ်ပါက ၂၀၂၁-၂၂ ဘဏ္ဍာနှစ်တွင် ပါကစ္စတန်မှ အိမ်နီးချင်း ၉နိုင်ငံသို့ ပို့ကုန်တင်ပို့မှုများက ၁၆ ဒသမ ၉၇ ရာခိုင်နှုန်း မြင့်တက်ခဲ့စဉ် အိမ်နီးချင်းနိုင်ငံများထံမှ ပါကစ္စတန်၏ သွင်းကုန်တင်သွင်းမှုများက ၂၈ ဒသမ ၈၄ ရာခိုင်နှုန်းနီးပါး မြင့်တက်ခဲ့ကြောင်း ပါကစ္စတန်ဗဟိုဘဏ်က ယခုနောက်ဆုံးထုတ်ပြန်သည့် ဒေတာ အချက်အလက်များက ပြသနေသည်။

သွင်းကုန်တင်သွင်းမှု များပြားခြင်း၏ ရလဒ်ကြောင့် ဒေသတွင်းနိုင်ငံများနှင့် ပါကစ္စတန်၏ ကုန်သွယ်ရေး လိုငွေပြမှုက ပြန်လည်သုံးသပ်ကြည့်သည့် ကာလအတွင်း တိုးလာခဲ့ခြင်းဖြစ်သည်။

အာဖဂန်နစ္စတန်၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ အိန္ဒိယ၊ အီရန်၊ နီပေါ၊ ဘူတန်နှင့် မော်လ်ဒိုက်နိုင်ငံများသို့ ပါကစ္စတန်၏ ပို့ကုန်တင်ပို့မှုများက သေးငယ်သည့် ပမာဏတစ်ခုဖြစ်သည့် အမေရိကန်ဒေါ်လာ ၄ ဒသမ ၅၉၀ ဘီလီယံသာ စာရင်းပေါက်ပြီး ယင်းသည် ၂၀၂၂ ဘဏ္ဍာနှစ်အတွင်း ပါကစ္စတန်၏ စုစုပေါင်း ကမ္ဘာလုံးဆိုင်ရာ ပို့ကုန်တင်ပို့မှုတန်ဖိုး ဒေါ်လာ ၃၁ ဒသမ ၇၉ ဘီလီယံ၏ ၁၄ ဒသမ ၄၃ ရာခိုင်နှုန်းမျှသာ ဖြစ်နေသည်ဟု Dawn သတင်းစာက ဖော်ပြသည်။

ပါကစ္စတန်၏ ဒေသတွင်း ပို့ကုန်တင်ပို့မှု အများဆုံးနိုင်ငံများစာရင်းတွင် တရုတ်က ထိပ်ဆုံးတွင် ရှိနေခဲ့သည်။ ပါကစ္စတန်သည် ဝေးလံသော အိမ်နီးချင်းများဖြစ်သော နီပေါ၊ သီရိလင်္ကာ၊ ဘူလ်တန်၊ ဘင်္ဂလားဒေ့ရှ်၊ မော်လ်ဒိုက်တို့နှင့် ပင်လယ်ရေလမ်းကြောင်းမှတစ်ဆင့်သာ ကုန်သွယ်မှု ပြုလုပ်ထားသည်။

အဆိုပါ နိုင်ငံများထံမှ ပါကစ္စတန်၏ သွင်းကုန်တင်သွင်းမှုတန်ဖိုးက ၂၀၂၂ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၁၇ ဒသမ ၈၁၄ ဘီလီယံအထိ ရှိခဲ့ရာ ယမန်နှစ် အလားတူကာလက ဒေါ်လာ ၁၃ ဒသမ ၈၂၆ ဘီလီယံနှင့် ယှဉ်လျှင် ၂၈ ဒသမ ၈၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ခြင်း ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly