ပါကစ္စတန် ခိုင်ဘာပက်ခ်တွန်ခဝါတွင် ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်မှုဖြစ်စဉ်များ မြင့်တက်နေ

ပါကစ္စတန် ခိုင်ဘာပက်ခ်တွန်ခဝါတွင် ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်မှုဖြစ်စဉ်များ မြင့်တက်နေ

ပါကစ္စတန်နိုင်ငံ ခိုင်ဘာ ပက်ခ်တွန်ခဝါပြည်နယ်၏ တောင်ပိုင်းခရိုင်များတွင် ရည်ရွယ်ချက်ထား သတ်ဖြတ်မှု ဖြစ်စဉ်များ ဖြစ်ပွားမှု မြင့်တက်နေခြင်းအပေါ် ပါကစ္စတန် ဒီမိုကရက်တစ် လှုပ်ရှားမှု (PDM) ၏ အကြီးအကဲ မော်လာနာ ဖက်ဇ်လာ ရာမန်က ဆန္ဒထုတ်ဖော်မှု တစ်ခုကို လုပ်ဆောင်ခဲ့သည်။ မော်လာနာသည် လက်ရှိ အာဏာရ ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှာရစ်အစိုးရ၏ မဟာမိတ်တစ်ဦးလည်း ဖြစ်သည်။

ခိုင်ဘာ ပက်ခ်တွန်ခဝါတွင် လက်နက်ကိုင် လူပုဂ္ဂိုလ်များက စိုးမိုးအုပ်ချုပ်လျက် ရှိကြောင်းနှင့် PTI ပါတီနှင့် ရဲတပ်ဖွဲ့တို့သည် ထိုဒေသတွင် “အာဏာမဲ့” သလို ဖြစ်လာနေကြောင်း မော်လာနာက ပြောကြားသည်။

ပြီးခဲ့သည့် ဇူလိုင် ၁၁ ရက်က ထိုဒေသတွင် ဆွန်နီ နိုင်ငံရေးပါတီတစ်ခုဖြစ်သည့် JUI-F ၏ ရွေးကောက်ခံ ကောင်စီဝင်တစ်ဦးဖြစ်သော မာလစ် မာတာဇာကို မည်သူမည်ဝါ မသိရသော သေနတ်သမားအချို့က ပစ်သတ်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပြီးနောက် မော်လာနာက အထက်ပါအတိုင်း ထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။ မာလစ်သည် ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့ ရွေးကောက်ပွဲများ၏ ဒုတိယအဆင့်တွင် ကောင်စီဝင်အဖြစ် ရွေးကောက်ခံခဲ့ရသူ ဖြစ်သည်။

ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အီမရန် ခန်း၏ ပါကစ္စတန် တေရက်-အီ-အင်ဆက်ဖ် (PTI) ပါတီသည် ခိုင်ဘာ ပက်ခ်တွန်ခဝါပြည်နယ်ကို ၉နှစ်နီးပါး အုပ်ချုပ်ခဲ့သည်။

ခိုင်ဘာ ပက်ခ်တွန်ခဝါပြည်နယ်၏ ဒီရာ အစ္စမေးလ်ခန်း၊ တန့်၊ လက်ကီ မာဝတ်၊ ကာရတ်ခ်နှင့် တောင်၊ မြောက် ဝါဇီရစ္စတန်တို့ အပါအဝင် တောင်ပိုင်း ခရိုင်များအားလုံးသည် ယခုအခါ လက်နက်ကိုင်လူပုဂ္ဂိုလ်များ၏ ထိန်းချုပ်မှု အောက် ရောက်နေသည်ဟု PDM အကြီးအကဲက မြောက်ဝါဇီရစ္စတန် ခရိုင်၏ မျိုးနွယ်စုခေါင်းဆောင်များနှင့် တွေဆုံပြီးနောက် သတင်းထောက်များကို ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required