တရုတ်နိုင်ငံ မြို့ကြီးများ၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုများမြင့်တက်လာချိန်တွင် သက်ဆိုင်ရာ ဒေသန္တရ အစိုးရများက ရောဂါဓာတ်ခွဲစမ်းသပ်မှုမပြုလုပ်ရသေးသူများရှိပါက သတင်းပေးရန် ပြည်သူများအား နှိုးဆော်တိုက်တွန်းထားသည်။
ကွမ်ရှီးပြည်နယ် ပေဟိုင်မြို့က ကြေညာချက်တစ်ခုတွင် သတင်းပေးပို့ချက်မှန်ကန်ပါက သတင်းပေးသူအား ဆုချီးမြှင့်မည်ဖြစ်ကြောင်း ဖော်ပြထားသည်ဟုဆိုသည်။ သို့သော် နောက်ပိုင်းတွင် အဆိုပါ ကြေညာချက်ကို ပြန်လည် ဖြုတ်ချခဲ့သည်။
ကွမ်ရှီးပြည်နယ်တောင်ပိုင်းရှိ ပေဟိုင်မြို့သည် ကိုဗစ်ရောဂါဖြစ်ပွားမှု တားဆီးနိုင်ရန် လွန်ခဲ့သောလက အသွားအလာပိတ်ဆို့ခဲ့သည်။ ပေဟိုင်သည် ဒေသတွင်း ရေပန်းအစားဆုံး အပန်းဖြေရာနေရာများအနက် တစ်ခုဖြစ်သော်လည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် မြို့အတွင်း ခရီးသွား ၂ ၀၀၀ ခန့် ပိတ်မိနေခဲ့သည်။
ဟိုင်နန်ပြည်နယ်တွင် ဩဂုတ် ၁ ရက်မှ ၆ ရက်အထိ ဒေသတွင်းကိုဗစ်-၁၉ ကူးစက်ခံရသူ ၅၂၅ ဦး တွေ့ရှိခဲ့ကြောင်း CGTN က ဖော်ပြခဲ့သည်။ ထို့ပြင် ပြည်နယ်သည် ကိုဗစ်-၁၉ အစုလိုက်အပြုံလိုက်စမ်းသပ်မှု စတင်ရန် ပြင်ဆင်နေစဉ်မှာ ယင်းကာလအတွင်း ရောဂါလက္ခဏာမပြသူ ၁၂၁ ဦးလည်း တွေ့ရှိခဲ့သည်။
ထို့အတူ တရုတ်မီးရထားအာဏာပိုင်များသည် ဆန်ယာမှ ထွက်ခွာလက်မှတ်များကို ရောင်းချခြင်းမပြုတော့သလို ဆန်ယာ အသွားအပြန် လေယာဉ်ခရီးစဉ် ၈၀ ရာခိုင်နှုန်းကျော်ကို ဖျက်သိမ်းလိုက်ကြောင်း Variflight ၏အချက်အလက်များကို ကိုးကား၍ CGTN က ဖော်ပြခဲ့သည်။ ပင်လယ်ကမ်းစပ်အပန်းဖြေမြို့ ဆန်ယာတွင် ထောင်နှင့်ချီသော ခရီးသွားဧည့်သည်များ နွေရာသီအားလပ်ရက်ကို ပျော်ရွှင်စွာ ဖြတ်သန်းနေချိန်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ဖြစ်ပွားလာခြင်းဖြစ်သည်။