ပါကစ္စတန် ဂွာဒါဆိပ်ကမ်းရှိ တရုတ်၏ CPEC စီမံကိန်းတွင် လုပ်ငန်းဆောင်ရွက်မှုများ ကင်းမဲ့နေ

ပါကစ္စတန် ဂွာဒါဆိပ်ကမ်းရှိ တရုတ်၏ CPEC စီမံကိန်းတွင် လုပ်ငန်းဆောင်ရွက်မှုများ ကင်းမဲ့နေ

တရုတ်သည် အထူးသဖြင့် ဂွါဒါဆိပ်ကမ်းမြို့ရှိ တရုတ်-ပါကစ္စတန်စီးပွားရေးစင်္ကြံ (CPEC) စီမံကိန်းများဖြင့် ပါကစ္စ တန်နှင့် ၎င်း၏စီးပွားရေးမိတ်ဖက်ဆက်ဆံမှုအကြောင်းကို ဆက်လက်ကြွားဝါနေဆဲဖြစ်သော်လည်း စီမံကိန်း အများစု သည် မပြီးပြတ်သေးဘဲ ဂွါဒါမြို့သည် စီးပွားရေးလုပ်ဆောင်မှု လုံးဝကင်းမဲ့နေသည်ဟူသော အဖြစ်မှန်ကို ထုတ်ဖော်ပြသသည့် ဆန့်ကျင်ဘက်မှတ်တမ်းများပေါ်ထွက်လာသည်။

ကရာချိမြို့မှ မက်ကရန်ကမ်းရိုးတမ်းအဝေးပြေးလမ်းမှတစ်ဆင့် ၇ နာရီခွဲကြာမောင်းရသော ပါကစ္စတန် ဆိပ်ကမ်းမြို့ ဂွာဒါ၏ မြေပြင်အခြေအနေများကို Nikkei Asia သတင်းဌာနက မှတ်တမ်းသွားယူခဲ့ပြီးနောက် ထိုဖြစ်ရပ်များပေါ်ပေါက်လာခြင်းဖြစ်သည်။
 ၆၀၀ ကီလိုမီတာရှည်လျားသော လမ်းသည် လူသူကင်းမဲ့နေပြီး စားသောက်ဆိုင်များ၊ သန့်စင်ခန်းများနှင့် စက်သုံးဆီဆိုင်များပင် မရှိချေ။ လမ်းခရီးတစ်လျှောက် ယာဉ်အစီးရေ ၂၀၀ ခန့်သာ တွေ့ရသည်ဟု ဆိုသည်။

ပါကစ္စတန်၏ အိန္ဒိယသမုဒ္ဒရာကမ်းရိုးတန်းရှိ ဂွါဒါဆိပ်ကမ်းမြို့ရှိ နေရာတိုင်းတွင် တရုတ်နှင့် ပါကစ္စတန်အလံများ လွှင့်ထူထားသည်။ သို့သော် ၎င်းသည် ပါကစ္စတန်နှင့် တရုတ်အကြား ဆက်ဆံရေး၏ ကြီးမြတ်မှုကို ပြသကာ တရုတ်ငွေကြေးထောက်ပံ့သော ဆောက်လုပ်ရေး စီမံကိန်းများနှင့် ကျဆင်းနေသော စီးပွားရေးလုပ်ဆောင်မှုတို့ကို ဖုံးကွယ်ထားပုံရသည်။
 
ပင်လယ်မျက်နှာစာရှိ လမ်းမကျယ်များမှာလည်း ယာဉ်များမရှိပေ။ မြို့လယ်၌လည်း တရုတ်ဆောက်ထားသော ဆိပ်ကမ်းပရဝုဏ်ဘေး၌ အထပ်မြင့်အဆောက်အအုံအနည်းငယ်ရှိသလို လမ်းမများမှာ ကျဉ်းမြောင်းပြီး အနံ့အသက်ဆိုးသော မြောင်းရေများဖြင့် ပိတ်ဆို့နေသည်ဟု Nikkei Asia က မြေပြင်အခြေအနေများကို ဖော်ပြခဲ့သည်။
 
တရုတ်နိုင်ငံတွင် ၂၀ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီကွန်ဂရက် နီးကပ်လာသည်နှင့်အမျှ တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံနှင့် ခါးပတ်လမ်းရပ်ဝန်းစီမံကိန်းမှာ အကျပ်အတည်းဆိုက်နေသည်။ ကြီးမားသည့် စီမံကိန်းများစွာသည် ရှေ့ဆက်လုပ်ဆောင်နိုင်ခြင်းမရှိသလို အားရစရာမကောင်းသော ရလဒ်များသာ ထွက်ပေါ်လာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly