စီးပွားရေးအခြေအနေများ စိုးရိမ်နေရချိန်တွင် တရုတ်၏ ခါးပတ်လမ်းရပ်ဝန်းစီမံကိန်းရင်းနှီးမြှုပ်နှံမှုများ နှေးကွေး

စီးပွားရေးအခြေအနေများ စိုးရိမ်နေရချိန်တွင် တရုတ်၏ ခါးပတ်လမ်းရပ်ဝန်းစီမံကိန်းရင်းနှီးမြှုပ်နှံမှုများ နှေးကွေး
Photo: EPA

တရုတ်သည် နိုင်ငံပေါင်း ၁၄၇ နိုင်ငံတွင် ယခုနှစ် ပထမနှစ်ဝက်၌ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများ ကျဆင်းသွားပြီး ထပ်မံကျဆင်းမည့် အလားအလာရှိနေသဖြင့် စီးပွားရေးကျဆင်းမှုကို ကိုယ်တွယ်ဖြေရှင်းနေရကြောင်းကို ခါးပတ်လမ်းရပ်ဝန်းစီမံကိန်း (BRI) များ၌ နှေးကွေးလာသော ရင်းနှီးမြှုပ်နှံများက သက်သေပြနေသည်။

ကုလသမဂ္ဂကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ညီလာခံ (UNCTAD) အရ ၂၀၂၂ ခုနှစ်တွင် တရုတ်၏ ပြည်ပရင်းနှီးမြှုပ်နှံမှု အလားအလာမှာ စိုးရိမ်ဖွယ်ဖြစ်သည်။ အခြေခံအဆောက်အအုံကဏ္ဍဆိုင်ရာ နိုင်ငံတကာစီမံကိန်းဘဏ္ဍာငွေက တိုးတက်မှုအရှိန်အဟုန်ကို ဆက်လက်ပံ့ ပိုးမည်ဟု မျှော်လင့်ရသည်။

၂၀၂၂ ခုနှစ် ပထမ ၃ လပတ်တွင် စီမံကိန်းအသစ်လုပ်ဆောင်မှုသည် ၂၁ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပြီး နိုင်ငံတကာ စီမံကိန်းဘဏ္ဍာရေးဆိုင်ရာသဘောတူညီချက်မှာလည်း ၄ ရာခိုင်နှုန်းအထိ ကျဆင်းသွားကြောင်း အစီရင်ခံစာ များက ဆိုသည်။ ခါးပတ်လမ်းရပ်ဝန်းရင်းနှီးမြှုပ်နှံမှုများတွင်လည်း အလားတူဖြစ်ရပ်မျိုး တွေ့ရသည်ဟု European Times၌ဖော်ပြထားသည်။

အစိမ်းရောင်ဘဏ္ဍာရေးနှင့်ဖွံ့ဖြိုးတိုးတက်မှုစင်တာ၏ လေ့လာမှုအရ နိုင်ငံပေါင်း ၁၄၇ နိုင်ငံရှိ တရုတ်၏ ခါးပတ်လမ်းရပ်ဝန်းစီမံကိန်းများသည် ၂၀၂၂ ခုနှစ် ပထမနှစ်ဝက်တွင် ကျဆင်းသွားခဲ့သည်။

ယမန်နှစ် ထောက်ပံ့မှုနှင့်ရင်းနှီးမြှုပ်နှံမှုပြုလုပ်သည့်ကာလက အမေရိကန်ဒေါ်လာ ၂၉ ဒသမ ၄ ဘီလီယံ ခန့် မြှုပ်နှံခဲ့ပြီး ယခုနှစ်တွင် ၂၈ ဒသမ ၄ ဘီလီယံခန့်သာ ရှိသည်။

တရုတ်၏ ကိုယ်ပိုင်စီးပွားရေးစိန်ခေါ်မှုများနှင့် ကမ္ဘာလုံးဆိုင်ရာ မရေရာမသေချာမှုများကြောင့် ခါးပတ်လမ်း ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများသည် ၂၀၂၂ ခုနှစ် ဒုတိယနှစ်ဝက်တွင်လည်း ဆက်လက်ကျဆင်းဖွယ်ရှိသည်။

ခါးပတ်လမ်းရပ်ဝန်းစီမံကိန်းသည် ၎င်း၏လုပ်ငန်းများကို အရှေ့အာရှမှဥရောပ၊ အာဖရိကနှင့် ကာရေဘီယံအထိ ဖြန့်ကြက်ထားပြီး ရထားလမ်း၊ ဆိပ်ကမ်းများ၊ ရေပိုက်လိုင်းများနှင့် လျှပ်စစ်ဓာတ်အားစီမံကိန်းများကဲ့သို့သော အရေးပါသည့် အခြေခံအဆောက်အဦများ ဖွံ့ဖြိုးတိုးတက်စေရန် ကူညီပေးလျက်ရှိသည်။ ခါးပတ်လမ်းရပ်ဝန်းစီမံကိန်းများနှင့် စပ်လျဉ်းသည့် နှစ်နိုင်ငံစေ့စပ်ညှိနှိုင်းမှုများတွင် စီးပွားရေးအရ အားနည်း သော မိတ်ဖက်အချို့အပေါ် အမျိုးမျိုးသော ဖိအားများဖြင့် အမြတ်ထုတ်နေသည်ဟု စွပ်စွဲပြောဆိုမှုများရှိကြောင်း European Times က ဖော်ပြခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly