ပယ်လိုစီ၏ ထိုင်ဝမ်ခရီးစဉ်အပေါ် တရုတ်က ထင်ထားသည်ထက် ပိုမို စိုးရိမ်သောကဖြစ်နေ

ပယ်လိုစီ၏ ထိုင်ဝမ်ခရီးစဉ်အပေါ် တရုတ်က ထင်ထားသည်ထက် ပိုမို စိုးရိမ်သောကဖြစ်နေ

အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပယ်လိုစီသည် ထိုင်ဝမ်သို့ သွားသည့်ခရီးစဉ်အတွင်း သမ္မတ စိုင်အင်ဝမ်နှင့် တွေ့ဆုံသည်သာမက ထိုင်ဝမ်တစ်ပိုင်းလျှပ်ကူးပစ္စည်း ထုတ်လုပ်ရေးကုမ္ပဏီ(TSMC) ဥက္ကဋ္ဌ မာ့ခ်လျူနှင့်လည်း တွေ့ဆုံနိုင်ကြောင်း တရုတ်အစိုးရက သုံးသပ်ထားခြင်းကြောင့် အဆိုပါခရီးစဉ်အပေါ် ထင်ထားသည်ထက် ပိုမိုစိုးရိမ်သောက ရောက်နေဖွယ်ရှိသည်။ 

တစ်ပိုင်းလျှပ်ကူးပစ္စည်း ထုတ်လုပ်ရာတွင် ကမ္ဘာ့ထိပ်တန်းအဖြစ် သတ်မှတ်ခံထားရသည့် မာ့ခ်လျူ၏ ကုမ္ပဏီမှ ချစ်ပြားများကို iPhone၊ ဆေးကိရိယာပစ္စည်းများ၊ ဂျက်လေယာဉ်များအတွက် အမေရိကန်က မှီခိုနေရသလို ကုန်ထုတ်လုပ်မှုကြီးမားသည့် တရုတ်နိုင်ငံတွင် အဆိုပါ ချစ်ပြားများအား မထုတ်လုပ်နိုင်ခြင်းကြောင့် တရုတ်အစိုးရအနေဖြင့် ပယ်လိုစီ၏ ခရီးစဉ်အပေါ် စိုးရိမ်သောကရောက်နေခြင်း ဖြစ်သည်။ 

မာခ့်လျူ၏ TSMC ကုမ္ပဏီသည် ကမ္ဘာပေါ်တွင် ချစ်ပြားတန်ဖိုးအများဆုံးကို ထုတ်လုပ်ကာ ဈေးကွက်တန်ဖိုး အမေရိကန်ဒေါ်လာ ၄၂၆ ဘီလီယံအထိ ထုတ်လုပ်ကြောင်း Singapore Post သတင်းဌာနက ဖော်ပြသည်။ 

ပယ်လိုစီနှင့် လျူတို့သည် အမေရိကန် မကြာသေးမီက ပြဋ္ဌာန်းခဲ့သည့် ချစ်ပြားနှင့် သိပ္ပံအက်ဥပဒေအကြောင်းကို ထိုင်ဝမ်တွင် ဆွေးနွေးခဲ့ကြောင်း အနောက်နိုင်ငံမီဒီယာများက ဖော်ပြသည်။ အဆိုပါ ဥပဒေသစ်တွင် အမေရိကန်တွင် ချစ်ပြားထုတ်လုပ်ရေးအတွက် အမေရိကန်ဒေါ်လာ ၅၂ ဘီလီယံ ပံ့ပိုးကူညီမှုအနက် TSMC သည် အရီဇိုးနားပြည်နယ်တွင် ဒေါ်လာ ၁၂ ဘီလီယံ ကုန်ကျမည့် ချစ်ပြားထုတ်လုပ်ရေး စက်ရုံတည်ဆောက်မည့် အစီအစဉ်ကြောင့် ပံ့ပိုးငွေအများစုကို ရရှိနိုင်မည် ဖြစ်သည်။ 

ကိုဗစ်ကပ်ရောဂါ ကာလအတွင်း ချစ်ပြားရှားပါးခြင်းကြောင့် ကားနှင့် ရုပ်သံထုတ်လုပ်မှုများ ကြန့်ကြာခဲ့သလို ကမ္ဘာ့ငွေကြေးဖောင်းပွမှုများ ဖြစ်ပေါ်ခဲ့သည်။ ထို့ပြင် တရုတ်အစိုးရ၊ ထိုင်ဝမ်နှင့် အမေရိကန်တို့အကြား ကြီးမားသည့် ပြဿနာသည်လည်း အခက်အခဲကို ပိုမိုဆိုးရွားစေခဲ့သည်။

ကမ္ဘာ့ချစ်ပြား အများဆုံးထုတ်သည့် ကုမ္ပဏီနှင့် အမေရိကန်တို့အကြား တွေ့ဆုံမှုသည် ထိုင်ဝမ်နှင့် အမေရိကန်တို့အကြား ဆက်ဆံရေးကို ပိုမိုအားကောင်းလာစေကာ ပြည်မကြီးတွင် ချစ်ပြားထုတ်လုပ်နိုင်ရေး တရုတ်၏ ရည်မှန်းချက်အတွက် စိုးရိမ်စရာ ဖြစ်လာသည်။ 

ယမန်နှစ်က  TSMC မှု ထုတ်လုပ်သည့် ချစ်ပြားစုစုပေါင်း၏ ၆၄ ရာခိုင်နှုန်းကို အမေရိကန်မှ ဝယ်ယူသူများက တင်သွင်းခဲ့ရာ လွန်ခဲ့သော ၂ နှစ်ခန့်က ဝယ်ယူမှု၏ ၆၀ ရာခိုင်နှုန်းထက် များပြားခဲ့သည်။ ယမန်နှစ်က TSMC မှ Apple ကုမ္ပဏီ တစ်ခုတည်းသို့ပင် ချစ်ပြားရောင်းချရငွေမှာ ကုမ္ပဏီဝင်ငွေ စုစုပေါင်း၏ ၄ ပုံ ၁ ပုံရှိခဲ့သည်။ 

 TSMC အနေဖြင့် တရုတ်မှ ရရှိသည့်ဝင်ငွေကို အားထားရမှုမှာလည်း လျော့ကျလာသည်။ တရုတ်ဈေးကွက်တွင် TSMC ၏ ရောင်းချရမှုသည် ဝင်ငွေစုစုပေါင်း၏ ၁၀ ရာခိုင်နှုန်းသာရှိတော့ပြီး လွန်ခဲ့သော ၂ နှစ်က ၂၀ ရာခိုင်နှုန်းအောက်သို့ ကျဆင်းသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required