ထိုင်ဝမ်ဒုံးကျည်ထုတ်လုပ်မှုကိုဦးဆောင်သူ ဟိုတယ်အခန်းတွင်း၌ သေဆုံးလျက် တွေ့ရှိ

ထိုင်ဝမ်ဒုံးကျည်ထုတ်လုပ်မှုကိုဦးဆောင်သူ ဟိုတယ်အခန်းတွင်း၌ သေဆုံးလျက် တွေ့ရှိ

အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီ၏ ထိုင်ဝမ်ခရီးစဉ်နှင့်ပတ်သက်၍ အမေရိကန်နှင့် တရုတ်တို့အကြား တင်းမာမှုများရှိနေချိန်တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်မှ ဒုံးကျည်ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ကို ဦးဆောင်သည့် ထိပ်တန်းအရာရှိတစ်ဦးကို ထိုင်ဝမ်တောင်ပိုင်းဟိုတယ်အခန်းတစ်ခု၌ သေဆုံးလျက်တွေ့ရှိရသည်ဟု The Jerusalem Postက ဩဂုတ် ၆ ရက်တွင် ဖော်ပြသည်။

ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာန သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ လက်ထောက်အကြီးအကဲ အိုယန်လီဆင်းသည် ဟိုတယ်ခန်းတစ်ခုတွင် သေဆုံးနေသည်ကို ဩဂုတ် ၆ ရက်က  တွေ့ရှိခဲ့ကြောင်း Central News Agency ကို ကိုးကား၍ Jerusalem Post က ဖော်ပြခဲ့သည်။

ထိုင်ဝမ်စစ်တပ်လက်အောက်ရှိ National Chung-Shan Institute of Science and Technology (NCSIST)မှ အသက် ၅၇ နှစ်ရှိ အကြီးအကဲသည် ထိုင်ဝမ်တောင်ပိုင်း ပင်းတန်းမြို့သို့ အလုပ်ကိစ္စဖြင့် ရောက်ရှိနေခြင်းဖြစ်ပြီး သေဆုံးသည့်အကြောင်းရင်းကို စုံစမ်းလျက်ရှိသည်။

အာဏာပိုင်များက အရာရှိသည် နှလုံးရောဂါကြောင့် သေဆုံးခြင်းဖြစ်နိုင်ကြောင်းနှင့် ဟိုတယ်ခန်းသည် ကျူးကျော်ဝင်ရောက်ခံထားရသည့်လက္ခဏာမရှိကြောင်း ပြောခဲ့သလို မိသားစုဝင်များကလည်း ၎င်းသည် နှလုံးရောဂါအခံရှိကြောင်းနှင့် နှလုံးသွေးကြောချဲ့ပိုက်ထည့်ထားရသည်ဟု ဆိုသည်။

ထိုင်ဝမ်တွင် လက်နက်များ တီထွင်ထုတ်လုပ်သည့် အစိုးရပိုင် NCSIST သည် လက်ရှိတွင် နိုင်ငံတောင်ပိုင်း  ဂျူးပန်စစ်အခြေစိုက်စခန်း၌ ကျည်အစစ်ဖြင့် ပစ်ခတ်စမ်းသပ်မှုများ ပြုလုပ်နေသည်ဟု Jerusalem Post ၌ ဖော်ပြထားသည်။
တရုတ်နိုင်ငံသည် အမေရိကန်နှင့်ထိုင်ဝမ်အကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှုကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်သာမက အခြားနိုင်ငံများအတွက်ပါ ရေရှည်အကျိုးဆက်များ ဖြစ်လာနိုင်ကြောင်း သတိပေးထားစဉ် ယခုသီတင်းပတ် အစောပိုင်းတွင် အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီက ထိုင်ဝမ်သို့ သွားရောက်ခဲ့သည်။


နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required