ရေဖြူမြို့နယ် စစ်ရှောင်စခန်းတွင် အသက် ၁၁ နှစ်အရွယ်ကလေး နာမကျန်းဖြစ်ပြီး သေဆုံး

By ကိုရွှေမြိတ်
05 August 2022
ရေဖြူမြို့နယ် စစ်ရှောင်စခန်းတွင် အသက် ၁၁ နှစ်အရွယ်ကလေး နာမကျန်းဖြစ်ပြီး သေဆုံး

ရေဖြူ၊ဩဂုတ်လ(၅)

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် စစ်ရှောင်စခန်း တစ်ခုတွင် ယမန်နေ့ ဩဂုတ်လ ၄ ရက်နေ့ နံနက်ပိုင်းက နာမကျန်း ဖြစ်နေသည့် အသက် ၁၁ နှစ် အရွယ် ကလေးငယ် တစ်ဦး အသက်ဆုံးပါး သွားခဲ့ကြောင်း ယင်းစခန်းရှိ ဒေသခံများထံမှ သိရသည်။

အဆိုပါ အသက် ၁၁ နှစ် အရွယ် မောင်နိုးနိုးလပြည့် သည် အပြင်းထန် နာမကျန်းဖြစ်ရာမှ ဆေးဝါးမလုံလောက်မှုနှင့် ဆေးကုသမှု အခက်အခဲများကြောင့် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု စစ်ရှောင်ကူညီပေးနေသူ တစ်ဦးက ပြောသည်။

ရေဖြူမြို့ စစ်ရှောင်စခန်းမှ ကူညီပေးနေသူ တစ်ဦးက“မိုးရာသီလည်း ဖြစ်နေတော့ စစ်ရှောင်စခန်းမှာ တော်တော်လေးကို အေးတဲ့ဒဏ်ကို ခံစားနေရ ပါတယ်၊ ကလေးက အဆုပ် သိပ်မကောင်းဘူး၊ နောက်ပြီး ကလေးငယ်က အမောဖောက်ပြီး အအေးဒဏ်ကို မခံနိုင်တဲ့ ဝေဒနာတွေကြောင့် ဆုံးသွားတာ ဖြစ်တယ်”ဟု ပြော သည်။

ထိုသို့ အခြေအနေအကြောင်း အမျိုးမျိုးကြောင့် အသက် ဆုံးသွားခဲ့သည့် ယင်း ကလေးငယ်၏ နာရေးကို တောတွင်း တစ်နေရာတွင် မြေမြှုပ်သဂြိုဟ်ပေးခဲ့ကြောင်း သိရသည်။

ရေဖြူမြို့နယ်အတွင်း ပြီးခဲ့သည့်ရက်ပိုင်းက စစ်ကောင်စီက စစ်ကြောင်းထိုး ဝင်ရောက်မှုကြောင့် ဧကနိ၊ ခမောင်းချောင်း၊ ဝက်ချောင်း၊ ရငဲ၊ ပုဂေါဇွန်း၊ ဇွမ်းတော့ရွာတို့တွင် ဒေသခံ ၁,၀၀၀ ဝန်းကျင်ခန့် နေအိမ် စွန့်ခွာ ထွက်ပြေးခဲ့ရကြောင်း သိရသည်။

ထိုအပြင် လက်ရှိတွင် မိုးတွင်းကာလ ဖြစ်နေ၍ စစ်ရှောင်စခန်းတွင် ဆေးဝါးနှင့် စားနပ်ရိက္ခာများ၊ မိုးကာများ ပိုမိုလိုအပ်နေပါကြောင်း စစ်ဘေးရှောင် ကူညီပေးနေသူများထံမှ သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#ရေဖြူမြို့နယ်

#စစ်ရှောင်စခန်း

#တနင်္သာရီတိုင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly