ပလိုစီ၏ ခရီးစဉ်ကို တုံ့ပြန်ပြီး ထိုင်ဝမ်ပတ်လည်၌ တရုတ်က အကြီးစား စစ်ရေးလေ့ကျင့်မည် 

ပလိုစီ၏ ခရီးစဉ်ကို တုံ့ပြန်ပြီး ထိုင်ဝမ်ပတ်လည်၌ တရုတ်က အကြီးစား စစ်ရေးလေ့ကျင့်မည် 
Photo - AFP

ဩဂုတ် ၄

အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီ ပလိုစီ၏ ထိုင်ဝမ်ခရီးစဉ်အပြီးတွင် အရေးပါသော နိုင်ငံတကာ သင်္ဘောလမ်းကြောင်းများအပေါ် အင်အားသက်ရောက်မှု ရှိကြောင်း ပြသရန် တရုတ်နိုင်ငံသည် ထိုင်ဝမ် ပတ်လည်၌ အကြီးဆုံးဖြစ်မည့် စစ်ရေးလေ့ကျင့်မှုကို ကြာသပတေးနေ့တွင် စတင်မည် ဖြစ်သည်။ 

ထိုင်ဝမ်ကို ပိုင်နက်နယ်မြေအဖြစ် ရှုမြင်သော တရုတ်၏ သိသိသာသာ ခြိမ်းခြောက်မှုများကို မျက်ကွယ်ပြုကာ လာရောက်ခဲ့သည့် ပလိုစီသည် ထိုင်ဝမ်မှ ဗုဒ္ဓဟူးနေ့တွင် ထွက်ခွာသွားပြီ ဖြစ်သည်။  

ရာထူးသက်တမ်း နှစ်ကြိမ် ထမ်းဆောင်ရသော ပလိုစီ၏ ထိုင်ဝမ်ခရီးစဉ်သည် အဆင့်မြင့် အမေရိကန် ရွေးကောက်ခံ တာဝန်ရှိသူတစ်ဦး ထိုင်ဝမ်သို့ ၂၅ နှစ်အတွင်း ပထမဆုံး လာရောက်မှုပဲ ဖြစ်သည်။ 

မိမိ၏ ထိုင်ဝမ်မြေသို့ လာရောက်မှုသည် အမေရိကန်အနေဖြင့် ထိုင်ဝမ်ကဲ့သို့ ဒီမိုကရေစီ မဟာမိတ်ကို ‘စွန့်ပယ်မည်မဟုတ်ကြောင်း’ ပြတ်ပြတ်သားသား ပြသခြင်းပဲ ဖြစ်သည်ဟု ပလိုစီက ပြောသည်။ 

ယင်း ခရီးစဉ်ကြောင့် တရုတ်ထံမှ စိတ်ဆိုးမာန်ဆိုး တုံ့ပြန်မှုများ ရှိလာပြီး ‘အပြစ်ပေးသွားမည်’ဟု တရုတ်က စိတ်ပိုင်းဖြတ်ဆိုကာ ကမ္ဘာ့ အသွားအလာ အများဆုံး ရေပြင်နေရာများပါ ပါဝင်မည့် ထိုင်ဝမ် ပတ်လည် ပင်လယ်ပြင်၌ စစ်ရေးလေ့ကျင့်မှုကို ကြေညာလာခဲ့သည်။ 

ဒေသစံတော်ချိန် မွန့်တည့် ၁၂ နာရီတွင် စတင်မည့် ယင်း စစ်ရေးလေ့ကျင့်မှုတွင် ‘ကျည်စစ် ပစ်ခတ်လေ့ကျင့်မှုများ အပါအဝင် စစ်ရေးလေ့ကျင့်မှုများ’ ကို လုပ်ဆောင်သွားမည်ဟု နိုင်ငံပိုင်မီဒီယာ၏ ကြေညာချက်အရ သိရသည်။ 

ထိုင်ဝမ်ပတ်လည်က ဇုန်နယ်မြေများတွင် စစ်ရေးလေ့ကျင့်မှု ပြုလုပ်ပြီး အချို့နေရာများ၌ ထိုင်ဝမ်ကမ်းခြေမှ ၁၂ မိုင်အတွင်းအထိ ရောက်ရှိမည်ဖြစ်ကာ တနင်္ဂနွေနေ့ နေ့လယ်ပိုင်းအထိ စစ်ရေးလေ့ကျင့်သွားမည် ဖြစ်သည်။ 

စစ်ရေးလေ့ကျင့်မှုများသည် “မကြုံဖူးအောင်” ဖြစ်မည်ဖြစ်ကာ ပထမဆုံးအဖြစ် ထိုင်ဝမ်ပေါ်မှ ဒုံးကျည်များ ဖြတ်ပျံမည်ဟု စစ်ရေးအကဲခတ်များကို ကိုးကားပြီး တရုတ်အာဘော် Global Times သတင်းက ဖော်ပြသည်။ 

“တရုတ်စစ်တပ်အနေနဲ့ ထိုင်ဝမ်ရေလက်ကြားကို ဖြတ်ပြီး တာဝေးလက်နက်ကြီး ကျည်စစ်တွေ ပထမဆုံး ပစ်လွှတ်မှု ဖြစ်လိမ့်မယ်”ဟု အဆိုပါ သတင်းစာက ဖော်ပြသည်။ 

အင်္ဂါနေ့ နှောင်းပိုင်းက ပြုလုပ်ခဲ့သည့် စစ်ရေးလေ့ကျင့်မှုများသည် ယခု အကြီးစားစစ်ရေးလေ့ကျင့်မှုအတွက် ရှေ့ပြေးဖြစ်သည်ဟု နိုင်ငံပိုင် ရှင်ဟွာသတင်းကလည်း ဖော်ပြခဲ့သည်။ 

တရုတ်၏ ယင်း အစီအစဉ်များကို ထိုင်ဝမ်က ရှုတ်ချထားပြီး အရှေ့အာရှ လုံခြုံရေးကို ခြိမ်းခြောက်မှုအဖြစ် သတိပေးထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required