တမူးမြို့နယ်တွင် ရဲတပ်ကြပ်ပိုင်သော ကားကို PDF များ သိမ်းဆည်း

တမူးမြို့နယ်တွင် ရဲတပ်ကြပ်ပိုင်သော ကားကို PDF များ သိမ်းဆည်း

ဩဂုတ် ၁

စစ်ကိုင်းတိုင်း တမူးမြို့နယ်တွင် နယ်ထိန်း ရဲတပ်ကြပ်တစ်ဦး ပိုင်ဆိုင်သော မော်တော်ယာဉ်ကို သိမ်းဆည်းလိုက်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(တမူးမြို့) တပ်ရင်း(၁)မှ ထုတ်ပြန်ကြေညာသည်။

“ကျနော်တို့ တမူးမြို့နယ်ထဲမှာရှိတဲ့ စစ်ကောင်စီတပ် ၊ ပျူစောထီးတွေနဲ့ အပေါင်းအပါတွေရဲ့ ပိုင်ဆိုင်မှုတွေကို ကျနော်တို့ သိထားတယ်၊ ပြည်သူတွေဆီက ငွေတွေကို မတရားယူပြီးဝယ်ထားတဲ့ ပစ္စည်းတွေကို နောက်နောင်လည်း အခုလို စစ်ဆေးတွေ့ရှိရင် ဆက်ပြီးသိမ်းဆည်းသွားမှာဖြစ်တယ်” ဟု PDF – Tamu တပ်ရင်း (၁) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ဘမာန် က မဇ္စျိမကိုပြောသည်။

ဇူလိုင်လ ၂၈ရက် မွန်းလွဲ ၂နာရီအချိန်တွင် တမူး - အောင်ဇေယျကားလမ်း ကို နယ်မြေလုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ် ကြိုတင်သတင်းရရှိထားချက်အရ တမူးမြို့ဘက်သို့ မောင်းနှင်လာသော MYD 2L-1353 နံပါတ်ပါ KLUGER အဖြူရောင် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ စစ်ကောင်စီလက်အောက်ခံ တမူးမြို့နယ် မြို့သစ်မြို့ရဲစခန်းမှ နယ်ထိန်း ရဲတပ်ကြပ် ဇော်မင်းထွန်း (ခ) ဖိုးဇော်ပိုင်ဆိုင်သော မော်တော်ယာဉ်ဖြစ်ကြောင်း စုံစမ်းစစ်ဆေးပေါ်ပေါက်ချက်အရ ၎င်းမော်တော်ယာဉ် အား သိမ်းဆည်းခဲ့ကြောင်းဆိုသည်။

တမူးနယ်ထိန်း ရဲတပ်ကြပ် ဇော်မင်းထွန်း ပိုင်ဆိုင်သော အဆိုပါမော်တော်ယာဉ်သည် လိုင်စင်မဲ့ မော်တော်ယာဉ်ဖြစ်ပြီး အများပြည်သူထံမှ မတရားငွေညှစ်တောင်ခံခြင်း ၊ သစ် ၊ ကျွဲ ၊ နွား ၊ မူးယစ်ဆေးဝါး ရောင်းဝယ်လုပ်ကိုင်သူများထံမှ ဆက်ကြေး ကောက်ခံရရှိငွေများဖြင့် ဝယ်ယူပိုင်ဆိုင်ထားခြင်းဖြစ်ကြောင်း ဒေသခံပြည်သူများ၏ သတင်းပေးပို့ချက်အရ အတည်ပြုနိုင်ခဲ့ကြောင်း သိရသည်။

တမူးမြို့နယ် တမူး - အောင်ဇေယျကားလမ်းပိုင်းအတွင်း ကာကွယ်ရေးတပ်ဖွဲ့များ မှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များအပြင် စစ်ကောင်စီနှင့် ပတ်သက်ဆက်နွယ်သည့် မည်သည့်အရာမဆို စစ်ဆေးတွေ့ရှိပါက တော်လှန်ရေးလုပ်ငန်းစဉ်များတွင် လိုအပ်သလို အသုံးပြုရန်အတွက် သိမ်းဆည်းသွားမည်ဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (တမူးမြို့) တပ်ရင်း(၁) ထုတ်ပြန်ချက်တွင် အသိပေးထားသည်။

၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂၉ရက် ညနေ၄နာရီ ၄၀မိနစ်တွင် လစာထုတ်ပြီးပြန်လာသော မြို့သစ်မြို့နယ်မြေရဲစခန်းမှ နယ်ထိန်းရဲတပ်ကြပ် ဇော်မင်းထွန်း နှင့် ၎င်း၏ဇနီးအပါ အဝင်အခြား ရဲတပ်ဖွဲ့ဝင် နှစ်ဦး စီးနင်းလိုက်ပါလာသော 5J/5275 နံပါတ်ပါ CRV အမျိုး အစားအား PDF – Tamu တပ်ရင်း (၁)နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -ဂေါ်ရခါးတပ်ဖွဲ့ Gurkha Defence Force မှ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲတပ်ကြပ်ဇနီး သေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်းလည်း သိရသည်။

#mizzima

#တမူးမြို့နယ်

#ရဲတပ်ကြပ်

#စစ်ကောင်စီ

#PDF–Tamu

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly