တရုတ်စစ်လေယာဉ် ၃ စီး ထိုင်ဝမ်လေကြောင်းကာကွယ်ရေးသတ်မှတ်ဇုန်သို့ ဝင်ရောက်

By Taiwan News
28 July 2022
တရုတ်စစ်လေယာဉ် ၃ စီး ထိုင်ဝမ်လေကြောင်းကာကွယ်ရေးသတ်မှတ်ဇုန်သို့ ဝင်ရောက်

တရုတ်စစ်လေယာဉ် ၃ စီးသည် ဇူလိုင် ၂၇ ရက်က ထိုင်ဝမ်လေကြောင်းကာကွယ်ရေး သတ်မှတ်ဇုန် အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ယခုလအတွင်း ၁၉ ကြိမ်မြောက် ကျူးကျော်ဝင်ရောက်မှုဖြစ်သည်။

တရုတ်လေတပ် (PLAAF) မှ Xian JH-7 ဗုံးကြဲလေယာဉ် ၂ စီးသည် ထိုင်ဝမ်လေကြောင်း ကာကွယ်ရေးသတ်မှတ်ဇုန်၏ အနောက်တောင်ဘက်ထောင့်သို့ ပျံသန်းခဲ့သလို Shaanxi Y-8 ကင်းထောက် လေယာဉ် ၁ စီးက အဆိုပါဇုန်၏ အနောက်တောင်နှင့် အရှေ့တောင်ဘက်ထောင့် အရပ်များသို့ ကျူးကျော်ပျံသန်းခဲ့ကြောင်း ထိုင်ဝမ်အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန (MND) က ပြောသည်။

လေကြောင်းကာကွယ်ရေးသတ်မှတ်ဇုန်သည် နိုင်ငံတစ်နိုင်ငံ၏ ဝေဟင်ပိုင်နက်အလွန်ရှိ ဧရိယာဖြစ်ပြီး လေကြောင်းထိန်းချုပ်သူများက ထိုနေရာသို့ ဝင်ရောက်လာသောလေယာဉ်များကို ကိုယ်တိုင် အတည်ပြုရန် တောင်းဆိုသည်။

ယခုလအထိ တရုတ်နိုင်ငံသည် တိုက်လေယာဉ် ၂၈ စီး၊ ဗုံးကြဲတိုက်လေယာဉ် ၆ စီး၊ ဗုံးကြဲလေယာဉ် ၁ စီး၊ ရဟတ်ယာဉ် ၂ စီးနှင့် ကင်းထောက်လေယာဉ် ၂၈ စီးအပါအဝင် ထိုင်ဝမ်၏ လေကြောင်း ကာကွယ်ရေး သတ်မှတ်ဇုန်သို့ စစ်လေယာဉ် ၆၅ စင်း စေလွှတ်ခဲ့သည်။

တရုတ်သည် ၂၀၂၀ ခုနှစ် စက်တင်ဘာလကတည်းက ထိုင်ဝမ်၏လေကြောင်းကာကွယ်ရေး သတ်မှတ်ဇုန်သို့ လေယာဉ်များ ပုံမှန်စေလွှတ်ခြင်းဖြင့် မီးခိုးရောင်ဇုန်နည်းဗျူဟာကို တိုးမြှင့် အသုံးပြုခဲ့ပြီး အနောက်တောင်ဘက်အရပ်တွင် အများဆုံး ကျူးကျော်ဝင်ရောက်ခဲ့သည်။ ၂၀၂၁ ခုနှစ်တွင် တရုတ်စစ်လေယာဉ်များသည် ၂၃၉ ရက်အတွင်း ADIZ အတွင်းသို့ ၉၆၁ ကြိမ်ဝင်ရောက်ခဲ့သည်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

တိုက်ရိုက်နည်းလမ်းနှင့်အရွယ်အစားကြီးမားသော အင်အားကို အသုံးမပြုဘဲ လုံခြုံရေးရည်မှန်းချက်များ အောင်မြင်ရန် ကြိုးပမ်းသည့် တည်ငြိမ်သောအခြေအနေကို ဟန့်တားသော ကြိုးပမ်းမှု သို့မဟုတ် ဆက်တိုက်အားထုတ်မှုများကို မီးခိုးရောင်နည်းဗျူဟာဟု သတ်မှတ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required