ဆွီဒင်ကို အနိုင်ယူပြီး ယူရို ၂၀၂၂ ဗိုလ်လုပွဲတက်လှမ်းသွားတဲ့ အင်္ဂလန်အမျိုးသမီအသင်း

ဆွီဒင်ကို အနိုင်ယူပြီး ယူရို ၂၀၂၂ ဗိုလ်လုပွဲတက်လှမ်းသွားတဲ့ အင်္ဂလန်အမျိုးသမီအသင်း
Photo: EPA

အင်္ဂလန်အမျိုးသမီးအသင်းဟာ အင်္ဂါနေ့က ရှက်ဖီးမှာ ဆွီဒင်ကို ၄-၀ နဲ့ အနိုင်ယူပြီး ယူရို ၂၀၂၂ ဖိုင်နယ်ကို တက်လှမ်းခဲ့ပြီးတဲ့နောက် နည်းပြ ဆာရီနာ ဝီဂမန်းက ဒီအမျိုးသမီးအသင်းအကြောင်း ကမ္ဘာတစ်ဝှမ်းလုံးက ပြောဆိုကြလိမ့်မယ်လို့ ဆိုပါတယ်။

Bramall Lane မှာ အိမ်ကွင်းပရိသတ် ၂၉,၀၀၀ ရဲ့ အားပေးမှုကို ရရှိခဲ့တဲ့ အင်္ဂလန်အမျိုးသမီးအသင်းဟာ နောက်ဆုံး အဓိကပြိုင်ပွဲကြီး သုံးကြိမ်မှာ ဆီးမီးဖိုင်နယ်အဆင့်နဲ့ ကျေနပ်ခဲ့ရပြီးနောက် ဇူလိုင် ၃၁ ရက်နေ့မှာတော့ ဂျာမနီ ဒါမှမဟုတ် ပြင်သစ်နဲ့ ထိပ်တိုက်တွေ့ဆုံဖို့ ရှိနေပါပြီ။

အင်္ဂလန်ဟာ အမျိုးသမီး အဓိကပြိုင်ပွဲကို တစ်ကြိမ်မှ ဖလားဆွတ်ခူးနိုင်ခြင်းမရှိသေးပါဘူး။

အင်္ဂလန်အသင်းဟာ ဗက်မက်ဒ်နဲ့ လူစီဘရောင်းတို့ရဲ့ ပထမပိုင်းသွင်းဂိုးတွေနဲ့ ဆွီဒင်ကို နှစ်ဂိုးပြတ်ဉီးဆောင်ခဲ့သလို ဒုတိယပိုင်းမှာလည်း ရူဆို၊ ကာဘီတို့က တစ်ဂိုးစီ သွင်းယူခဲ့ပါတယ်။

"မနက်ဖြန် ဥရောပတစ်ခွင်၊ ကမ္ဘာတစ်ဝှမ်းလုံးမှာ သူတို့တွေ ပြောရမယ့် ဒုတိယပိုင်း စွမ်းဆောင်ရည်မျိုးပါပဲ"လို့ ဝီဂ်မန်းက ပြောပါတယ်။

အမျိုးသမီးယူရိုဖိုင်နယ်အတွက် ဝင်ဘလေမှာ ပရိသတ် ၈၇,၀၀၀ စံချိန်မှတ်တမ်းတင်ဖို့ ခန့်မှန်းထားပြီး အင်္ဂလန်ဟာ အမျိုးသားနဲ့ အမျိုးသမီးပြိုင်ပွဲမှာ အဓိကဆုဖလားအတွက် ၅၆ နှစ်ကြာ စောင့်ဆိုင်းရတာကို အဆုံးသတ်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။

"ဒါကို နည်းနည်းတော့ သတိထားမိတယ်။ ကျမတို့ဟာ နိုင်ငံအတွက် လှုံ့ဆော်ပေးချင်တယ်၊ ကျမတို့ လုပ်နေတာ အဲဒါပဲလို့ ကျမထင်တယ်၊ မတူညီတဲ့ခြားနားချက်တစ်ခု လုပ်တယ်လို့ မျှော်လင့်တယ်။ တစ်တိုင်းပြည်လုံးက ကျမတို့အတွက် ဂုဏ်ယူနေပြီး မိန်းကလေးတွေရော ယောက်ျားလေးတွေပါ ဘောလုံးကစားတာ ပိုလို့တောင် များလာတယ်။"လို့ ဝီဂ်မန်းက ပြောပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly