တရုတ်ပြည်နယ်များ၌ အပူချိန် စံချိန်တင်မြင့်တက်

တရုတ်ပြည်နယ်များ၌ အပူချိန် စံချိန်တင်မြင့်တက်

ရှင်ကျန်းနှင့် ဖူကျန်းအပါအဝင် တရုတ် နိုင်ငံဒေသအများအပြား၌ အပူလှိုင်းကျရောက်မှုကြောင့် စံချိန်တင် အပူချိန်မြင့်မားမှုနှင့် ရင်ဆိုင်နေရသလို ရာသီဥတုပူပြင်းမည့် ခန့်မှန်းချက်များကိုလည်း ထုတ်ပြန်ထားသည်။

နိုင်ငံ၏ ဒေသအများအပြားတွင် ပြင်းထန်သော အပူလှိုင်းများ ဆက်လက်ဖြစ်ပေါ်နေသဖြင့် တရုတ်နိုင်ငံ စောင့်ကြည့်ရေးဌာနက အပူချိန်မြင့်မားမှုအတွက် အဝါရောင်သတိပေးချက် ဆက်လက်ထုတ်ပြန်ထားကြောင်း Global Times က ဖော်ပြခဲ့သည်။

ဇူလိုင် ၂၃ ရက်က ရှင်ကျန်းနှင့်အရှေ့ကျဲ့ကျန်းအပါအဝင် နိုင်ငံ၏ ဒေသအသီးသီးတွင် အပူချိန်သည် ၄၀ ဒီဂရီစင်တီဂရိတ်အထက် ကျော်လွန်သွားခဲ့ကြောင်း နိုင်ငံ့မိုးလေဝသဌာန (NMC) မှ ထုတ်ပြန်သည်။

ဇူလိုင် ၂၃ ရက် မွန်းတည့်ချိန်၌ ရှင်ကျန်းဒေသတွင် အပူချိန်သတိပေးချက်ကို လိမ္မော်ရောင်အဆင့်မှ တရုတ်၏ မိုးလေဝသသတိပေးအဆင့် ၄ ခုအနက် အမြင့်ဆုံးဖြစ်သည့် အနီရောင်အဆင့်သို့ တိုးမြှင့်ခဲ့သည်။ ညနေ ၄ နာရီဝန်းကျင်တွင် ရှင်ကျန်းရှိ တာပန်မြို့၌ အပူချိန်သည် ၄၃ ဒသမ ၂ ဒီဂရီစင်တီဂရိတ်သို့ ရောက်ရှိခဲ့ကြောင်း NMC က အချိန်နှင့်တစ်ပြေးညီထုတ်ပြန်ခဲ့သည်။

ကမ္ဘာ့မိုးလေဝသအဖွဲ့ (WMO) ၏ အထွေထွေအတွင်းရေးမှူးချုပ်က ရာသီဥတုဖောက်ပြန်မှုကြောင့် အပူလှိုင်းများ မကြာခဏ ကျရောက်တတ်ကြောင်းနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ နိုင်ငံတကာအစိုးရအဖွဲ့ (IPPC) မှ ထိုဆက်စပ်မှုကို ရှင်းလင်းခဲ့ကြောင်း ပြီးခဲ့သည့် သီတင်းပတ်က ပြောသည်။

ဗြိတိန်သည် အပူချိန်အမြင့်ဆုံးအဖြစ် စံချိန်တင်ခဲ့ပြီးနောက် WMO အထွေထွေ အတွင်းရေးမှူးချုပ် ပက်တယ်ရီတာလက်စ်က ''အနာဂတ်မှာ ဒီလိုအပူလှိုင်းတွေဟာ ပုံမှန်လိုဖြစ်သွားမှာပါ။ ပိုပြင်းထန်တဲ့ အပူ လွန်ကဲမှုတွေကို မြင်တွေ့ရအုံးမှာပါ။ ကျွန်တော်တို့ကို လေထဲကို ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ အများကြီး ထုတ်လိုက်တဲ့အတွက် ဆယ်စုနှစ်များစွာ ဆိုးကျိုးတွေ ရှိနေဦးမှာပါ။ ကျွန်တော်တို့ဟာ ကာဗွန်ဓာတ်ငွေ့ထုတ်လွှတ်မှုကို တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ လျှော့ချနိုင်ခြင်းမရှိသေးပါဘူး” ဟု ဆိုသည်။

“ဒါဟာ အစိုးရတွေအတွက် သတိပေးချက်တစ်ခုဖြစ်သလို ဒီမိုကရေစီနိုင်ငံတွေမှာ မဲပေးတဲ့အလေ့အထတွေအပေါ် လည်း သက်ရောက်လိမ့်မယ်လို့ ကျွန်တော်မျှော်လင့်တယ်” ဟု WMO အထွေထွေ အတွင်းရေးမှူးချုပ် ပက်တယ်ရီတာလက်စ်က ပြောသည်။

ဥရောပဒေသများ၌ အပူချိန်သည် အခြားနေရာများထက် ပိုမိုလျင်မြန်စွာ မြင့်တက်လာမည်ဖြစ်ကြောင်း IPCC ကပြောသည်။

အပူလှိုင်းများသည် ၂၁ ရာစုတွင် မကြာခဏ ကျရောက်ပြီး အချိန်ကြာကာ ပိုမိုပြင်းထန်လိမ့်မည်ဟု ရာသီဥတုလွန်ကဲမှုဆိုင်ရာ IPCC အထူးအစီရင်ခံစာ၌ ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly