ထိန်းချုပ်ခံထားရသည့် ဘဏ်အကောင့်များနှင့် ပတ်သက်ပြီး မကျေနပ်မှုများ လျော့ကျစေရန် တရုတ်က ကြိုးပမ်းနေ

ထိန်းချုပ်ခံထားရသည့် ဘဏ်အကောင့်များနှင့် ပတ်သက်ပြီး မကျေနပ်မှုများ လျော့ကျစေရန် တရုတ်က ကြိုးပမ်းနေ

တရုတ်ကျေးလက်ဘဏ်အချို့တွင် ထိန်းချုပ်ခံထားရသော အပ်နှံငွေများနှင့် ပတ်သက်ပြီး ပြည်သူများ၏ ဒေါသ မြင့်တက်မှုကို ကိုင်တွယ်ဖြေရှင်းရန် တရုတ်ဘဏ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က စီးပွားရေးအားနည်းမှုနှင့် အိမ်ခြံမြေဈေးကွက် ကျဆင်းမှုကြောင့် ငွေလက်ကျန်ရှင်းတမ်းအခြေအနေဆိုးရွားနေမှုနှင့် ရင်ဆိုင်နေသည့် ဘဏ်အငယ်စားထောင်ပေါင်းများစွာအတွက် အရင်းအနှီးများ တိုးမြင့်လာစေရေး ကတိပြုလိုက်သည်။

တရုတ်နိုင်ငံအလယ်ပိုင်း၌ ငွေအပ်နှံထားသူထောင်ပေါင်းများစွာသည် ဒေသတွင်းကျေးလက်ဘဏ်များတွင် ၎င်းတို့၏ စုဆောင်းငွေများကို ထုတ်ယူနိုင်ခြင်းမရှိသည့်အတွက် မကြာသေးမီရက်သတ္တပတ်များအတွင်း ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြောင်း CNN သတင်းဌာနက ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံတွင် လူမှုတည်ငြိမ်ရေးကို ခြိမ်းခြောက်နေသည့် အကြီးမားဆုံး ပြဿနာ၂ ခုဖြစ်သည့် အိမ်ခြံမြေ ငွေမသွင်းရေးသပိတ်မှောက်မှုနှင့် ဘဏ်စာရင်းများထိန်းချုပ်ထားမှုများကြောင့် ထိတ်လန့်မှုကို ဖြေလျှော့ရန် ကြိုးပမ်းနေသည်။

မကျေနပ်သောအိမ်ဝယ်သူထောင်ပေါင်းများစွာသည် တရုတ်နိုင်ငံတစ်ဝန်းတွင် ငွေမသွင်းရေးသပိတ်မှောက်မှု များ ပြုလုပ်နေချိန် တရုတ်ဘဏ်လုပ်ငန်းနှင့် အာမခံစည်းမျဉ်းစည်းမျဉ်းကော်မရှင် (CBIRC) က ဘဏ်များကို မပြီးစီးသေးသည့် စီမံကိန်းများကို အပြီးသတ်စေရေးအတွက် ဆောက်လုပ်ရေးကုမ္ပဏီများအတွက် ချေးငွေ ပံ့ပိုးမှု တိုးမြှင့်ပေးရန် တိုက်တွန်းထားသည်။

တရုတ်တွင် အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီများအား အိမ်များဆောက်လုပ်မှုမပြီးသေးခင် ရောင်းချခွင့်ပြုထားပြီး ဝယ်ယူသူများသည် အိမ်ရာသစ်မပိုင်ဆိုင်မီတွင် အိမ်ကို အပေါင်ပစ္စည်းအဖြစ်ထားပြီး ငွေပေးသွင်းရသည်။ ရရှိငွေများကို ဆောက်လုပ်ရေးလုပ်ငန်းရှင်များက ဘဏ္ဍာငွေအဖြစ် အသုံးပြုသည်။

အိမ်ခြံမြေဆောက်လုပ်ရေးလုပ်ငန်းများ ငွေသားအကျပ်အတည်းကြောင့် စီမံကိန်းအများအပြားနှောင့်နှေးခြင်း သို့မဟုတ် ရပ်တန့်သွားခြင်းတို့ကြောင့် ငွေပေးချေမှုမပြုဘဲ သပိတ်မှောက်ရခြင်းဖြစ်သည်ဟု CNN က ဖော်ပြသည်။

၂၀၂၁ခုနှစ်တွင် Evergrande သည် အကြွေးဆပ်ရန် ပျက်ကွက်ခဲ့ပြီး အခြားကုမ္ပဏီများသည် မြီရှင်များထံမှ အကာအကွယ်ကို ရှာဖွေလျက်ရှိသည်။

ရှန်ဟိုင်းအခြေစိုက် သုတေသနကုမ္ပဏီ China Real Estate Information Corporation မှ ပြုစုထားသော အစီရင်ခံစာများနှင့် အချက်အလက်အများအပြားအရ ဇူလိုင် ၂၀ရက်တွင် ပြည်နယ် ၁၈ နှင့် မြို့ပေါင်း ၄၇ မြို့မှ ဝယ်ယူသူများသည် ငွေပေးချေမှုများကို ရပ်တန့်ထားကြောင်း CNN က ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly