စက်သုံးဆီဈေးဆက်တိုက်ကျဆင်းလာပြီးနောက် မန္တလေးရှိဆီဆိုင်တချို့အရောင်းရပ်ထား

စက်သုံးဆီဈေးဆက်တိုက်ကျဆင်းလာပြီးနောက် မန္တလေးရှိဆီဆိုင်တချို့အရောင်းရပ်ထား

ဇူလိုင် ၂၃

စက်သုံးဆီစျေးနှုန်းဆက်တိုက်ကျဆင်းလာပြီးနောက် မန္တလေးမြို့ရှိ စက်သုံးဆီ အရောင်းဆိုင်တချို့ ရောင်းချမှုကိုရပ်ဆိုင်းထားကြကြောင်းသိရသည်။

“ဓာတ်ဆီစျေးက 92 ရော၊ 95 ရောဆက်တိုက်ကျတယ်၊ ဒီနေ့ဆိုရင် 95 တစ်လီတာကို ၁,၇၆၀ ဖြစ်သွားတယ်။ စျေးအဆမတန်ထိုးတက်တုန်းက မြိန်မြိန်ကြီးရောင်းကြတဲ့ဆီဆိုင်တွေ ဒီနေ့ အရောင်းပိတ်ထားကြတယ်။ ရောင်းစရာမရှိဘူးလို့တော့ပြောတာပဲ” ဟု မန္တလေးမြို့ခံ တက္ကစီယာဉ်မောင်းတစ်ဦးကပြောသည်။

စျေးနှုန်းဆက်တိုက်ကျဆင်းမှု၏ နောက်ဆက်တွဲအကျိုးဆက်အဖြစ် လက်ကားအရောင်းဆိုင်ကြီး တချို့တွင်လည်း လိုသလောက်ရောင်းချပေးခြင်းမရှိတော့ကြောင်း ယနေ့ ဇူလိုင် ၂၃ ရက် နံနက်ပိုင်း စက်သုံးဆီဝယ်ယူခဲ့သူများထံက သိရသည်။

“ မနက်ခပ်စောစောထွက်ပြီးတန်းစီတာတောင် ကိုယ့်အလှည့်ရောက်တော့ ဆီမရတော့ဘူးတဲ့။ နောက်တစ်ဆိုင်ပြောင်းဝယ်တော့ ထည့်နေ့ကျ ၃၀,၀၀၀ ဖိုးတောင်မရဘူးတဲ့။ နှစ်သောင်းဖို့ပဲ ထည့်ခဲ့ရတယ်” ဟု မြို့ခံတစ်ဦးကပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စျေးနှုန်းအဆမတန် မြင့်တက်သွားခဲ့သည့် ပြည်တွင်း စက်သုံးဆီစျေးနှုန်းသည် ဇူလိုင်လဒုတိယပတ်မှစ၍ ဆက်တိုက်ထိုးကျခဲ့သည်။

မန္တလေးမြို့တွင် ပြီးခဲ့သည့်ဇွန်လအတွင်းက ဓာတ်ဆီ 95 တစ်လီတာလျှင် ၂,၄၅၀ ကျပ် ဝန်းကျင်ပေါက်စျေးရရှိခဲ့ရာမှ ဇူလိုင်လဒုတိယပတ်မှစတင်၍ စျေးနှုန်းတစ်ဖြည်းဖြည်း ထိုးကျနေပြီး ယနေ့ ဇူလိုင် ၂၃ ရက်နေ့ ပေါက်စျေး ၁,၇၆၅ ကျပ်အထိကျဆင်းသွားကြောင်းသိရသည်။

#စက်သုံးဆီ

#မန္တလေး

#အရောင်းဆိုင်

#ဓာတ်ဆီ

#ဈေးနှုန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required