ဆာဒီယို မာနေးဟာ ကြာသပတေးနေ့က မော်ရိုကိုမြို့တော် ရာဘတ်မှာ ဒုတိယအကြိမ်မြောက် အာဖရိကတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ပါတယ်။
ဆီနီဂေါတိုက်စစ်မှူးဟာ လီဗာပူးလ်မှာရှိစဉ် ၂၀၁၉ က ပထမဆုံး ဂုဏ်ပြုဆုရရှိခဲ့သူဖြစ်ပါတယ်။
အသက် ၃၀ အရွယ် ကစားသမားဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ သုံးနှစ်စာချုပ်ချုပ်ဆိုပြီးနောက် ပြီးခဲ့တဲ့လက ပရီးမီးယားလိဂ်ကလပ်ကနေ ထွက်ခွာခဲ့ပါတယ်။
“ဒီဆုကို ထပ်မံရရှိတဲ့အတွက် တကယ်ကို ဂုဏ်ယူဝမ်းမြောက်မိပါတယ်”လို့ မာနေးက ပြောပါတယ်။
"ကျနော့်ရဲ့ နည်းပြတွေ၊ ကလပ်အသင်းနဲ့ နိုင်ငံအသင်း၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ခက်ခဲတဲ့အချိန်တွေမှာ ကျနော့်ဘေးမှာ ရပ်တည်ပေးခဲ့တဲ့ သူငယ်ချင်းတွေကို ကျေးဇူးတင်ပါတယ်။"
မာနေးဟာ ဗုဒ္ဓဟူးနေ့က ဝါရှင်တန်မှာ ဒီစီယူနိုက်တက်ကို ၆-၂ ဂိုးနဲ့ ရာသီကြိုခြေစမ်းပွဲ အနိုင်ရတဲ့ပွဲမှာ သူ့ရဲ့အသင်းသစ်အတွက် ပင်နယ်တီသွင်းယူပေးခဲ့ပြီးနောက် အတ္တလန်တိတ်ကို ဖြတ်ကျော်ကာ မော်ရိုကိုမြို့တော်မှာ ရှိနေခဲ့ပြီး အဆိုပါဆုကို လက်ခံရရှိခဲ့တာဖြစ်ပါတယ်။
ဒီဆုပေးပွဲအခမ်းအနားဟာ ကိုရိုနာဗိုင်းရပ်ကြောင့် နောက်ဆုံးနှစ်ကြိမ် ဖျက်သိမ်းခဲ့ရပြီးနောက် မာနေးအတွက် နှစ်ကြိမ်ဆက် တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ရရှိခဲ့တာဖြစ်ပါတယ်။
သူဟာ အီဂျစ်မှ လီဗာပူးလ်အသင်းဖော်ဟောင်း မိုဟာမက်ဆာလာနဲ့ ဆီနီဂေါလက်ရွေးစင်အသင်းဖော် ချယ်လ်ဆီးဂိုးသမား မန်ဒီတို့ကို ကျော်ပြီး ဆွတ်ခူးခဲ့တာပါ။
ပြီးခဲ့တဲ့ ရာသီက လီဗာပူးလ်နဲ့အတူ အက်ဖ်အေဖလားနဲ့ လိဂ်ဖလားတွေ ကိုင်မြှောက်ခဲ့ပြီး ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်မှာ ဒုတိယ နေရာကို ရယူပေးနိုင်ခဲ့တဲ့ မာနေးနဲ့ ဆာလာတို့ဟာ အဓိကကျတဲ့ အခန်းကဏ္ဍမှာ ပါဝင်ကစားခဲ့ပါတယ်။
ဆာလာဟာ မာနေး ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့ဖို့ ရွေးချယ်စဉ်ကတည်းက အန်ဖီးလ်မှာ စာချုပ်သစ်ချုပ်ဆိုခဲ့ပြီးဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်က မာနေးအတွက် ယူရို ၄၁ သန်းအထိ တိုးလာနိုင်ဖွယ်ရှိတဲ့ ကနဦး ယူရို ၃၂ သန်း (ဒေါ်လာ ၃၂ ဒသမ ၅ သန်း) ပေးချေထားတယ်လို့ သိရပါတယ်။
(AFP)