ရန်ကင်းမြို့နယ် မိုးကောင်းလမ်းရှိ မြဝတီမီဒီယာစင်တာအနီး ပေါက်ကွဲမှုဖြစ်ပွား

ရန်ကင်းမြို့နယ် မိုးကောင်းလမ်းရှိ မြဝတီမီဒီယာစင်တာအနီး ပေါက်ကွဲမှုဖြစ်ပွား

ဇူလိုင် ၂၂

ရန်ကုန်တိုင်း ရန်ကင်းမြို့နယ်၊ မိုးကောင်းလမ်းရှိ မြဝတီမီဒီယာစင်တာအနီးတွင် ဇူလိုင်လ ၂၁ ရက်နေ့ ည ၉ နာရီ ၄၈ မိနစ်ဝန်းကျင်ခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများ၏ပြောပြချက်အရ သိရသည်။

“ပေါက်တဲ့အသံက အရမ်းကျယ်တယ်။ ကျောက်ကုန်း အောင်ဇေယျလမ်းဘက်မှာဆို မြေကြီးတွေပါတုန် တယ်။ ဒီအနီးအနားဝန်းကျင်မှာပဲ ပေါက်သွားတယ်ဆိုတာသိလိုက်တယ်။ ဒီနားမှာဆို မြဝတီစင်တာကြီးနဲ့ ဆေးရုံအသစ်ကြီးရှိတယ်။ အဲဒီတစ်ကြောလုံးကတော့ သူတို့နေရာတွေပဲပေါ့။ နောက်ပြီး အဲ့ဒီအတွက် လုံခြုံရေးတွေလည်းချထားတာက ဆေးရုံဘေးလမ်းသွယ်နဲ့ မိုးကောင်းလမ်းထောင့်မှာလည်း စခတွေ (စစ်ကောင်စီတပ်သားများ) ကင်းပုန်းရှိတယ်။ မြဝတီဘဏ်ရှေ့မှာလည်းရှိတယ်။တော်တော်လေးတော့ အဆော်ခံလိုက်ရတယ်ထင်တယ်။ ပေါက်ကွဲအားပြင်းတယ်။” ဟု ပေါက်ကွဲမှုဖြစ်ပွားရာ အနီးတဝိုက်နေ ပြည်သူတစ်ဦးက ဖြစ်စဉ်နှင့်ပတ်သက်ပြီးပြောသည်။

လက်ရှိအချိန်ထိ မြဝတီမီဒီယာစင်တာအနီးပေါက်ကွဲမှုဖြစ်ပွားသည့်ဖြစ်စဉ်ကိုသာ ကနဦးသိရှိရပြီး နောက်ဆက်တွဲ ထိခိုက်ပျက်စီးမှုအား အတည်ပြုနိုင်ခြင်းမရှိသလို ယခုလိုပေါက်ကွဲမှုနှင့်ပတ်သက်ပြီး မည်သည့်အဖွဲ့အစည်း၏ လုပ်ဆောင်ချက်မှန်း မသိရှိရသေးပေ။

မြဝတီမီဒီယာစင်တာကို အဏာသိမ်းစစ်ခေါင်းဆောင်၏ လမ်းညွှန်မှုဖြင့် ၂၀၁၉ ခုနှစ် မေလတွင် စတင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ယခင်တပ်မတော်မှတ်တမ်းရုံးမြေနေရာတွင်တည်ဆောက်ထားကာ မိုးကောင်း ရတနာမိခင်နှင့်ကလေးဆေးရုံကိုပါ တွဲဖက်ဖွင့်လှစ်ခဲ့ပြီး ဖွင့်ပွဲအား ၂၀၂၁ ခုနှစ် မေလ ၂ ရက်နေ့က အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် စစ်ဘက်ဆိုင်ရာ အကြီးအကဲများ တက်ရောက်ဖွင့်လှစ်ခဲ့ကြသည်။

#Mizzima

#ရန်ကင်းမြို့နယ်

#မိုးကောင်းလမ်း

#မြဝတီမီဒီယာစင်တာ

#ပေါက်ကွဲမှုဖြစ်ပွား

#တပ်မတော်မှတ်တမ်းရုံး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly