အမေရိကန် လွှတ်တော်အကြီးအကဲ၏ ဩဂုတ်လ ထိုင်ဝမ်ခရီးစဉ်အပေါ် တရုတ် သတိပေး

အမေရိကန် လွှတ်တော်အကြီးအကဲ၏ ဩဂုတ်လ ထိုင်ဝမ်ခရီးစဉ်အပေါ် တရုတ် သတိပေး

ရုရှားက ယူကရိန်းကိုကျူးကျော်မှုအပြီးတွင် ရေလက်ကြားဖြတ်ကျော်ဆက်ဆံမှုအပေါ် စိုးရိမ်မှုများကြောင့် တရုတ်က အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီ၏ ဩဂုတ်လတွင် သွားရောက်မည့် ထိုင်ဝမ်ခရီးစဉ် အပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်သည်။

တရုတ်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောင်လီကျန်းက အမေရိကန်နှင့် ထိုင်ဝမ်ဒေသကြား တရားဝင် အပြန်အလှန်ဆက်ဆံသည့်  မည့်သည့်ပုံစံကိုမဆို ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း တရုတ်က ကြိမ်ဖန် များစွာ ပြောဆိုခဲ့သည်ဟု ဇူလိုင် ၁၉ ရက်က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

“တကယ်လို့ အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီက ထိုင်ဝမ်ကို သွားမယ်ဆိုရင် ဒါဟာ တရုတ် တစ်နိုင်ငံတည်းဝါဒနဲ့ တရုတ်-အမေရိကန် ပူးတွဲကြေညာချက် ၃ ရပ်ရဲ့ စည်းမျဥ်းစည်းကမ်းတွေကို ဖောက်ဖျက် တာ ဖြစ်သလို တရုတ်နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေစိုးမိုးရေးကို ဆိုးရွားစွာ ထိခိုက်စေ ပါတယ်။ တရုတ်-အမေရိကန် ဆက်ဆံရေးရဲ့ နိုင်ငံရေးအခြေခံအုတ်မြစ်ကို ဆိုးဆိုးရွားရွား ထိခိုက်စေမှာ ဖြစ်ပြီးတော့ ထိုင်ဝမ် လွတ်လပ်ရေး
ခွဲထွက်ရေးတပ်ဖွဲ့တွေအတွက် မှားယွင်းတဲ့ အချက်ပြမှုသာဖြစ်ပါတယ်” ဟု ကျောင်းလီ ကျန်းက ဆိုသည်။

တရုတ်နှင့် တင်းမာနေချိန်တွင် အမေရိကန်အောက်လွှတ်တော် ကိုယ်စားလှယ်များသည် ဩဂုတ်လ၌ ထိုင်ဝမ်သို့ သွားရန် စီစဉ်ထားသည်ဟု အမေရိကန်မီဒီယာတစ်ခုက ဖော်ပြလာပြီးနောက် တရုတ်၏ကန့်ကွက်မှု ပေါ်ထွက်လာခြင်းဖြစ်သည်။

ပလိုစီနှင့်သူမ၏ကိုယ်စားလှယ်အဖွဲ့သည် အင်ဒိုနီးရှား၊ ဂျပန်၊ မလေးရှားနှင့် စင်ကာပူတို့သို့လည်း သွားရောက်မည်ဖြစ်ကာ အမေရိကန် အင်ဒို-ပစိဖိတ်ဒေသကွပ်ကဲမှုဌာနချုပ်ရှိရာ ဟာဝိုင်အီသို့လည်း သွားရောက်မည်ဟု Financial Times က ဖော်ပြခဲ့သည်။

'အဆိုပါ သတင်းမှန်ကန်ပြီး ခရီးစဉ်ဖြစ်မြောက်ပါက တရုတ်နှင့်အမေရိကန်အကြား သံတမန် ဆက်ဆံရေး ထူထောင်ပြီးနောက်ပိုင်း ထိုင်ဝမ်အရေးနှင့်ပတ်သက်ပြီး တရုတ်အတွက် အမေရိကန်၏အဆိုးရွားဆုံး ရန်စမှုများထဲမှတစ်ခုဖြစ်လိမ့်မည်ဟု တရုတ်မီဒီယာက ဖော်ပြသည်။

နန်စီပလိုသည် ဧပြီလအတွင်းက ကိုဗစ်-၁၉ ကူးစက်ခံရပြီးနောက် ၎င်း၏ ထိုင်ဝမ်ခရီးစဉ်ကို ရွှေ့ဆိုင်းခဲ့သည်။ ထိုအချိန်ကလည်း တရုတ်က အမေရိကန်နှင့် ထိုင်ဝမ်အကြား တာဝန်ရှိသူများအကြား အပြန်အလှန် သွားလာမှုမှန်သမျှကို ပြတ်ပြတ်သားသား ဆန့်ကျင်ကန့်ကွက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly