ကုန်ဈေးနှုန်း မြင့်တက်ခြင်း၏ အပြင်းထန်ဆုံးသော အကျိုးဆက်များနှင့် ရင်ဆိုင်နေရသည့် နိုင်ငံများထဲတွင် ပါကစ္စတန် ပါဝင်

By Brecorder
17 July 2022
ကုန်ဈေးနှုန်း မြင့်တက်ခြင်း၏ အပြင်းထန်ဆုံးသော အကျိုးဆက်များနှင့် ရင်ဆိုင်နေရသည့် နိုင်ငံများထဲတွင် ပါကစ္စတန် ပါဝင်

ကမ္ဘာတစ်ဝန်း အစားအစာနှင့် စွမ်းအင် ဈေးနှုန်းများ တစ်ဟုန်ထိုး မြင့်တက်မှုကြောင့် ကမ္ဘာ့ အဆင်းရဲဆုံးသော နိုင်ငံများ၌ လူပေါင်း ၇၁ သန်းကို ဆင်းရဲမွဲတေမှုအောက် တွန်းပို့ခဲ့ကြောင်း ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် (UNDP) က ဇူလိုင် ၇ ရက်တွင် ထုတ်ပြန်သော အစီရင်ခံစာတစ်ရပ်တွင် ဖော်ပြသည်။

ပြီးခဲ့သည့် ၃လအတွင်း ဖွံ့ဖြိုးဆဲ ကမ္ဘာ့နိုင်ငံများ၏ ဆင်းရဲမွဲတေမှု နှုန်းများ မြင့်တက်မှုက “ကိုဗစ်-၁၉ ကပ်ရောဂါ၏ ထိခိုက်မှုထက် သိသိသာသာ ပိုမို မြန်ဆန်နေသည်။ကုန်ဈေးနှုန်းများ မြင့်တက်ခြင်းက ယူကရိန်းစစ်ပွဲနှင့် တစ်စိတ်တစ်ဒေသ သက်ဆိုင်သည် ” ဟု UNDP ၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ကြီးလာနေသော ယင်းပြဿနာကို ကိုင်တွယ်ဖြေရှင်းရန် “အားလုံး အကျုံးဝင်သော စွမ်းအင် ထောက်ပံ့ကြေး များနှင့် နှိုင်းယှဉ်ပါက အိမ်ထောင်စုများကို ရည်ရွယ်ကာ ငွေသား လွှဲပြောင်းပေးအပ်ခြင်းက ပိုမို တရားမျှတပြီး ပိုမို တွက်ချက်ကိုက်သည်” ဟု UNDP အေဂျင်စီက ပြောသည်။ သို့သော် အစိုးရများအနေဖြင့် အလျဉ်မီစေရန် ဘက်ပေါင်းစုံ ပါဝင်သော စနစ်မှ အထောက်အပံ့ လိုအပ်လိမ့်မည်ဟု ကုလ အေဂျင်စီက ပြောသည်။

ငွေကြေးဖောင်းပွမှုကို ကိုင်တွယ်ရန် ဗဟိုဘဏ်များက အတိုးနှုန်းများ မြှင့်တင်နေချိန်တွင် နောက်ထပ် စီးပွားရေး ကျဆင်းမှုကြောင့် ဖြစ်ပေါ်သည့် ဆင်းရဲမွဲတေမှုကို အစပျိုးစေသည့် အန္တရာယ်တစ်ခု ရှိနေပြီး အကျပ်အတည်းကို ပိုမို ဆိုးဝါးစေမည် ဖြစ်ကာ ကမ္ဘာတစ်ဝန်း ဆင်းရဲမွဲတေမှုကို ပိုမိုအရှိန်မြန်ဆန် နက်ရှိုင်းစေလိမ့်မည်ဟု UNDP က ယင်း၏ အစီရင်ခံစာတွင် သတိပေးသည်။

အစီရင်ခံစာတွင် ကမ္ဘာ့နိုင်ငံပေါင်း ၁၅၉ နိုင်ငံကို ဆန်းစစ်လေ့လာထားပြီး အထူးသဖြင့် Sahel ဒေသ အပါအဝင် အာဖရိက ဆာဟာရ ဒေသခွဲ၊ ကက်စပီယန် ပင်လယ်ဒေသနှင့် ဘောလ်ကန်ဒေသနိုင်ငံများတွင် အခြေအနေက အတိမ်းအစောင်းမခံဆုံး ဖြစ်သည်ကို လေ့လာတွေ့ရှိခဲ့သည်။

“မကြုံစဖူး ကုန်ဈေးနှုန်းတွေ မြင့်တက်တယ်ဆိုတာက ကမ္ဘာပေါ်က လူအများအပြားအတွက်တော့ သူတို့ မနေ့က ဝယ်နိုင်တဲ့ အစားအစာတစ်ခုက ဒီနေ့မှာ မဝယ်နိုင်တော့တဲ့ အခြေအနေမျိုး ဖြစ်ပါတယ်” ဟု UNDP အကြီးအကဲ အာချင်မ် စတိန်နာက ပြောသည်။ “ဒီ နေထိုင်မှု စရိတ်စက အကျပ်အတည်းက လူသန်းပေါင်း များစွာကို ဆင်းရဲနွမ်းပါးမှုအောက် ကျရောက်အောင် တွန်းပို့နေသလို ယုတ်စွအဆုံး အစားအစာ မဖူလုံမှုက အသက်ရှုမှားလောက်တဲ့ နှုန်းထားနဲ့ မြန်ဆန်နေပြီး အဲဒါနဲ့အတူ မြင့်တက်လာတဲ့ လူမှုဆိုင်ရာ မငြိမ်မသက်ဖြစ်မှုရဲ့ ခြိမ်းခြောက်မှုက တစ်နေ့တစ်ခြား တိုးလာနေတယ်” ဟု ၎င်းက သတိပေးသည်။ ကုန်ဈေးနှုန်းများ မြင့်တက်ခြင်း၏ အကြီးလေးဆုံးသော အကျိုးဆက်များကို ရင်ဆိုင်နေရသည့် နိုင်ငံများမှာ အာမေးနီးယား၊ ဥဇဘတ်ကစ္စတန်၊ ဘာကီနာ ဖာဆို၊ ဂါနာ၊ ကင်ညာ၊ ရဝမ်ဒါ၊ ဆူဒန်၊ ဟေတီ၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ အီသီယိုးပီးယား၊ မာလီ၊ နိုင်ဂျီးရီးယား၊ ဆီရီယာ
လီယွန်၊ တန်ဇန်နီးယား နှင့် ယီမင်တို့ ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly