ဟက်ကာနီကွန်ရက်၏ တပ်မှူး ပါကစ္စတန်တာလီဘန်နှင့် ပူးပေါင်း

By Zee5
17 July 2022
ဟက်ကာနီကွန်ရက်၏ တပ်မှူး ပါကစ္စတန်တာလီဘန်နှင့် ပူးပေါင်း

ပါကစ္စတန် စစ်တပ်အဖွဲ့အစည်းနှင့် နီးကပ်ပြီး အဆက်အသွယ်ရှိသည်ဟု ယူဆရသည့် တာလီဘန် ဂိုဏ်းခွဲတစ်ခုဖြစ်သော ဟက်ကာနီ ကွန်ရက်၏ တပ်မှူးတစ်ဦးသည် ယခုအခါ ပိတ်ပင်တားမြစ်ခံထားရသည့် တီရစ်-အီ-တာလီဘန် ပါကစ္စတန် (TTP) နှင့် ပူးပေါင်းခဲ့သည်ဟု မီဒီယာ သတင်းများက ဖော်ပြသည်။

“ဟက်ကာနီ ကွန်ရက်ရဲ့ တပ်မှူး တီပူ ဂူလ် မာဝတ်ဟာ တီတီပီနဲ့ ပူးပေါင်းခဲ့တာဖြစ်ပါတယ်။ တာလီဘန် ဂိုဏ်းခွဲတွေထဲမှာ ဟက်ကာနီ ကွန်ရက်ဟာ ပါကစ္စတန် စစ်တပ် အဖွဲ့အစည်းနဲ့ အနီးစပ်ဆုံးလို့ ယူဆရပါတယ်” ဟု တောင်အာရှ မီဒီယာ သုတေသန အင်စတီကျူ့ (SAMRI) က တွစ်တာတွင် ရေးသည်။

ဟက်ကာနီ ကွန်ရက်သည် ပါကစ္စတန် ထောက်လှမ်းရေးအဖွဲ့ (ISI) နှင့် နီးကပ်မှု ရှိပြီး ၎င်းတို့၏ ဆုံတွေ့မှုက ပြစ်မှုနှင့် အစွန်းရောက် အကြမ်းဖက်ဝါဒ၏ အခိုးအငွေ့အဖြစ် ပေါ်ပေါက်လာသည်။

ဟက်ကာနီ ကွန်ရက်၏ တည်နေရာ၊ ဂျီဟတ်ဒစ် အုပ်စုအဖွဲ့ အများအပြားနှင့် မဟာမိတ်ဖွဲ့ထားမှုတို့ကြောင့် ISI က ယင်းကွန်ရက်ကို အဓိက မဟာမိတ်အဖွဲ့တစ်ခုအဖြစ် ရှုမြင်သည်။

ထို့ပြင် ISI သည် ၎င်းတို့၏ အခြေစိုက်နေရာများတွင် စတင် ရင်းနှီးမြှုပ်နှံနေခဲ့ပြီး အခြားသော အစိုးရမဟုတ်သော အဖွဲ့အစည်းများ (non-state actors) များနှင့် ထိတွေ့ ဆက်ဆံရာတွင် ၎င်းတို့ကို ကိုယ်စားလှယ်အဖြစ် အသုံးချလျက် ရှိသည်။

ထို့ပြင် ပါကစ္စတန်၌ နိုင်ငံရေး ရေစီးကြောင်းထဲ ဝင်ရောက်ရန် ပိတ်ပင်ခံ TTP အဖွဲ့၏ လက်ရှိ ကြိုးပမ်းမှုက ပိတ်ဆို့တားဆီးမှုနှင့် ကြုံရနိုင်ပြီး အဆိုပါ တားမြစ်ခံအဖွဲ့သည် နိုင်ငံအတွက် ထိခိုက်စေနိုင်သလို နိုင်ငံသားများ အတွက် နိုင်ငံရေး နေရာများကို ကျုံ့စေလိမ့်မည်ဟု ပညာရှင်အချို့က ရှုမြင်ကြသည်။
 
နိုင်ငံရေး တရားဝင်ဖြစ်မှု ရနိုင်ရန် TTP သည် များမကြာမီက ဖက်ဒရယ် တရားစီရင်ရေး တရားရုံး၏ အမိန့်ညွှန်ကြားချက်တစ်ရပ်ကို ထုတ်ဖော်ချီးကျူးခဲ့ပြီး ထိုအမိန့်ညွှန်ကြားချက်မှာ ၅နှစ်အတွင်း အစ္စလမ္မစ်၊ အတိုးနှုန်းမဲ့ ဘဏ်စနစ်တစ်ခု အကောင်အထည်ဖော်ဆောင်ရေး အစိုးရကို ညွှန်ကြားထားသည့် အမိန့်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly