သီရိလင်္ကာ၏ ကြွေးမြီကတိကဝတ် အသစ်ပြန်လည်ရေးဆွဲမှုက တရုတ်၏အကျိုးစီးပွားပေါ်မူတည်ဟု အမေရိကန်ဘဏ္ဍာရေးဝန်ကြီးပြော

သီရိလင်္ကာ၏ ကြွေးမြီကတိကဝတ် အသစ်ပြန်လည်ရေးဆွဲမှုက တရုတ်၏အကျိုးစီးပွားပေါ်မူတည်ဟု အမေရိကန်ဘဏ္ဍာရေးဝန်ကြီးပြော

တရုတ်နိုင်ငံသည် ဘဏ္ဍာရေးအကျပ်အတည်းများဖြစ်ပေါ်နေသည့် သီရိလင်္ကာအတွက် အလွန်အရေးပါသော မြီရှင်ဖြစ်ကြောင်းနှင့် သီရိလင်္ကာ၏ကြွေးမြီကတိကဝတ်များကို အသစ်ပြန်လည်ရေးဆွဲမှုတွင် တရုတ်အနေဖြင့် ပူးပေါင်းမည်ဆိုပါက နှစ်နိုင်ငံစလုံး အကျိုးစီးပွားဖြစ်နိုင်သည်ဟု အမေရိကန်ဘဏ္ဍာရေးဝန်ကြီး ဂျက်နက်ယဲလန်က အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် ဇူလိုင် ၁၄ ရက်က ကျင်းပသော ဂျီ-၂၀ ဘဏ္ဍာရေးအရာရှိများ ၏ သီးသန့် အစည်းအဝေးဆိုင်ရာ သတင်းစာရှင်းလင်းပွဲ၌ သီရိလင်္ကာအပါအဝင် အကြွေးဝန်ပိနေသောနိုင်ငံများ၏ ကြွေးမြီဆိုင်ရာကတိကဝတ်များ အသစ်ပြန်လည်ရေးဆွဲရန် ရေရှည်ကြိုးပမ်းအားထုတ်မှု၌ ပိုမို ပူးပေါင်း ဆောင်ရွက်ရေး အတွက် တရုတ်ကို ဖိအားပေးကြရန် စီးပွားရေးအင်အားကြီးနိုင်ငံများဖြစ်သည့် ဂျီ-၂၀ အဖွဲ့ဝင်များအား တိုက်တွန်းသွားမည်ဟု ယဲလန်က ဆိုသည်။

''တရုတ်ဟာ သီရိလင်္ကာရဲ့ အလွန်အရေးကြီးတဲ့ မြီရှင်ပါ။ သီရိလင်္ကာက အဲဒီအကြွေးကို ပြန်မဆပ်နိုင်ဘူးဆိုတာ အထင်အရှားပါပဲ။ ပြီးတော့ တရုတ်က သီရိလင်္ကာနဲ့ ကြွေးမြီကတိကဝတ်ကို ပြန်လည်ပြင်ဆင်ဖို့ ဆန္ဒရှိမယ်လို့ မျှော်လင့်ပါတယ်။ ဒါဟာ နှစ်နိုင်ငံစလုံးအတွက် အကျိုးရှိစေမှာပါ” အမေရိကန်ဘဏ္ဍာရေးဝန်ကြီးက ပြောကြားခဲ့သည်။

ဗဟိုဘဏ်အချက်အလက်များအရ သီရိလင်္ကာသည် နိုင်ငံပိုင်ကုမ္ပဏီများအား ချေးငွေများကို ထည့်မတွက်ပါက ၂၀၂၀ ခုနှစ်ကုန်တွင် တရုတ်နိုင်ငံသို့ အမေရိကန်ဒေါ်လာ ၃ ဒသမ ၅ ဘီလီယံ ပေးရန်ရှိနေသည်။

သီရိလင်္ကာ၏ စတုတ္ထမြောက် အကြီးဆုံး ငွေချေးငှားသူမှာ တရုတ်နိုင်ငံဖြစ်သည်။ သီရိလင်္ကာသည် ဇန်နဝါရီ ၁၈ ရက်က နိုင်ငံတကာအချုပ်အခြာအာဏာပိုင်ငွေချေးစာချုပ် အမေရိကန်ဒေါ်လာ သန်း ၅၀၀ ပေးခဲ့ရပြီး ၂၀၂၂ ခုနှစ်တွင် ကြွေးမြီ အမေရိကန်ဒေါ်လာ ၄ ဒသမ ၅ ဘီလီယံ ပြန်ဆပ်ရမည်ဖြစ်သည်။

သီရိလင်္ကာနိုင်ငံသည် လောင်စာဆီနှင့် အခြားမရှိမဖြစ်လိုအပ်သော ထောက်ပံ့ရေးပစ္စည်းများ ပြတ်လပ်မှုနှင့် ရင်ဆိုင်နေရပြီး ငွေကြေးဖောင်းပွမှု မြင့်တက်လာခြင်းနှင့်အတူ အဆိုးရွားဆုံး စီးပွားရေးအကျပ်အတည်းကို ရင်ဆိုင်နေရသည်။ လောင်စာဆီပြတ်လပ်မှုကြောင့် ကျောင်းများနှင့် အစိုးရရုံးများကို နောက်ထပ်သတိပေးချက် မထုတ်ပြန်မီအထိ ပိတ်ထားသည်။

ပြည်တွင်း စိုက်ပျိုးရေးထုတ်လုပ်မှု လျော့ကျခြင်း၊ နိုင်ငံခြားအရန်ငွေ နည်းပါးခြင်းနှင့် ပြည်တွင်းငွေကြေးတန်ဖိုး ကျဆင်းခြင်းတို့သည် ပြတ်လပ်မှုများကို ဖြစ်ပေါ်စေသည်။

စီးပွားရေးအကျပ်အတည်းကြောင့် မိသားစုများသည် ငတ်မွတ်ခေါင်းပါးမှုနှင့် ဆင်းရဲမွဲတေမှုများ ကြုံရနိုင်သလို ကပ်ရောဂါကြောင့် လူပေါင်း ၅ သိန်းသည် ဆင်းရဲမွဲတေခဲ့ကြရသည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required