ရေဦးမြို့ ကြာပန်းအဝိုင်းမှနေ၍ လက်နက်ကြီးဖြင့် စစ်ကောင်စီတပ် ပစ်ခတ် ဒေသခံ ၅ ဦး ဒဏ်ရာရ

ရေဦးမြို့ ကြာပန်းအဝိုင်းမှနေ၍ လက်နက်ကြီးဖြင့် စစ်ကောင်စီတပ် ပစ်ခတ် ဒေသခံ ၅ ဦး ဒဏ်ရာရ

ဇူလိုင်လ ၁၆ ရက်

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် ကြာပန်းအဝိုင်းမှ လေးမိုင်ခန့်ဝေးသော မူးမြစ်အရှေ့ဘက်ရှိ ခင်ဦးမြို့နယ် ကျေးရွာများအား စစ်ကောင်စီတပ်သည် ယမန်နေ့ ဇူလိုင်လ ၁၅ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ၈၀ မမ လက်နက်ကြီးဖြင့် ပစ်ခက်တိုက်ခိုက်သောကြောင့် မြင်းတောင်းကျေးရွာရှိ ဒေသခံ ငါးဦး လက်နက်ကြီးထိမှန်ခဲ့ကြောင်းသိရသည်။

စစ်ကောင်စီတပ်သည် ရေဦးမြို့ကြာပန်းအဝိုင်းမှနေ၍ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး မြင်းတောင်း ကျေးရွာအတွင်းသို့ လက်နက်ကြီး ရှစ် လုံးကျခဲ့ပြီး မြင်းတောင်းအရှေ့ဘက်မူးမြစ် ချောင်းတွင်တပ်ဆွဲထားသော စစ်ကောင်စီတပ်မှလည်း ထပ်မံ၍ လက်နက်ကြီးဖြင့် နှစ်ချက် ပစ်ခတ်ခဲ့သည်။

"ကာကွယ်ရေးတပ်ဖွဲ့တွေက မြင်းတောင်းလမ်းပိုင်းမှာ မိုင်းတွင်းဖော်တာ။ အဲ့ဒါကို သူတို့က ဒရုန်းတစ်စင်းနဲ့ ဝဲပြီးတော့ လက်နက်ကြီးနဲ့ ဟိုဘက်ဒီဘက်ညှပ်ပစ်တာ။ ကာကွယ်ရေးတွေကိုမထိဘဲနဲ့ ရွာထဲက လူတွေကိုထိသွားတာ။ ထိတာကလည်းပြေးရင်း လွှားရင်းနဲ့ကို ထိတာ" ဟုခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့တာဝန်ရှိသူကပြော သည်။

စစ်ကောင်စီတပ်မှ ပစ်ခတ်သည့် လက်နက်ကြီးထိမှန်ခဲ့သောကြောင့် အသက်၄၀အရွယ် မခိုင်တွင် ပုခုံးရိုးပေါက်ဒဏ်ရာ၊ အသက် ၄၇ အရွယ် ဦးမောင် ၊ အသက် ၄၅ နှစ်အရွယ် မကေသီ နှင့် အသက် ၃၀ နှစ်အရွယ် မရွှေဇင်ဦးတို့တွင် မစိုးရိမ်ရဒဏ်ရာ၊ အသက် ၃၈ နှစ်အရွယ် ကိုဆန်းပြည့်တွင် ခြေသလုံးပေါက်ထွက်ဒဏ်ရာများ ရရှိခဲ့သည်။

ထို့ပြင် မြင်းတောင်း အရှေ့ဘက်မူးမြစ်ချောင်း တံတားတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သား အင်အား ၂၀ ခန့်သည် မြင်းတောင်း လမ်းပိုင်းရှိ ကာကွယ်ရေး တပ်ဖွဲ့များရှိရာဆီသို့ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်စဉ် ကာကွယ်ရေး အဖွဲ့များ ထောင်ထားသော နင်းမိုင်း၊ တိုက်မိုင်းများ နင်းမိ၍ ဒဏ်ရာများရရှိကာ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly