ရေဦး တိုင်းရင်း ဆေးရုံမှထွက်ခွာလာသည့် စစ်ကောင်စီယာဉ် ၄ စီးအားမိုင်းဆွဲတိုက်ခိုက်

ရေဦး တိုင်းရင်း ဆေးရုံမှထွက်ခွာလာသည့် စစ်ကောင်စီယာဉ် ၄ စီးအားမိုင်းဆွဲတိုက်ခိုက်

ဇူလိုင်လ ၁၆ ရက်

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ရေဦး-ခင်ဦးလမ်းပိုင်းတွင် ဇူလိုင်လ ၁၄ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီယာဉ်လေးစီးအား ပြည်သူ့ကာကွယ်ရေးအဖွဲ့များက လမ်း တစ်လျှောက် မိုင်းဆွဲ တိုက်ခိုက်ခဲ့ ကြောင်းသိရသည်။

စစ်ကောင်စီယာဉ်လေးစီးသည် ရေဦးတိုင်းရင်းဆေးရုံမှ ထွက်ခွာ၍ အင်းပတ်ကွေ့ အနီးတွင် စစ်ကောင်စီတပ်သား ၁၀ ဦးကို ချထားခဲ့သည်။ ပြန်လည်ထွက်ခွာလာသည့် စစ်ကောင်စီယာဉ် လေးစီးသည် ရေဦး-ခင်ဦးလမ်းပိုင်း သာဂရနှင့် ဂွေးကုန်းကျေးရွာ အနီးတွင်မိုင်း ဆွဲခံရပြီးနောက် ခင်ဦးမြို့သို့မရောက်မီ ကံသစ်ကျေးရွာအနီးတွင် ထပ်မံ၍ ပဒေသာမိုင်းဆွဲခံခဲ့ရကာ ခင်ဦးမြို့ အတွင်းသို့ မောင်းဝင်သွားကြောင်း သိရသည်။

"အင်းပတ်ကွေ့နားမှာချထားခဲ့တဲ့ ၁၀ ကောင်( စစ်ကောင်စီတပ်သား ) နဲ့ ရွာသစ်ကုန်းရွာက ပျူစောထီး အကောင် ၂၀ လောက်က အဲ့ဒီနားမှာ မိုင်းရှာတယ်။ အဖွဲ့တစ်ဖွဲ့ရဲ့ မိုင်း ၁၆ လုံးလောက်ကို ဖော်မိသွားပြီး မဖော်ရသေးတဲ့ကျန် နှစ် လုံးကို ခွဲလိုက်တော့ ရှစ် ကောင်(စစ်ကောင်စီတပ်သား) လောက်က နေရာတင်သေသွားတယ်။ ဒဏ်ရာရတဲ့လူတွေက ကင်းပုန်းဝပ်နေတဲ့ အချိန်မှာ အဖွဲ့တွေက ဒရုန်းနဲ့ ဗုံးထပ်ချလိုက်တော့ သုံး ကောင်(စစ်ကောင်စီတပ်သား) လောက် ဒဏ်ရာ ထပ်ရသွားတယ်" ဟု ခင်ဦးသတင်းမှန်ပြန်ကြားရေးအဖွဲ့တာဝန်ရှိသူကပြောသည်။

မိုင်းဆွဲခံရသည့် စစ်ကောင်စီကား လေး စီးသည် ခင်ဦးမြို့ ရဲစခန်းသို့ ရောက်ရှိခဲ့ပြီး နောက် ရွှေဘိုလေ့ကျင့်ရေး(၁)မှ စစ်ကောင်စီကား လေးစီး၊ ရေဦးမှ ရောက်ရှိနေသော စစ်ကောင်စီကား လေးစီး တို့ဖြင့် အင်အားထပ်မံ ဖြည့်တင်းခဲ့သည်။

အဆိုပါယာဉ်တန်းသည် ရေဦးမြို့သို့ပြန်လာစဉ် မြင်းတောင်းကျေးရွာ စာသင်ကျောင်း အနီးမှစတင်၍ သရက်ပြင်ကျေးရွာအနီးထိ ပဒေသာမိုင်းအလုံး ၂၀ ကျော်ဖြင့်ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်မှ အရာရှိ နှစ် ဦး အပါအဝင် အယောက်၃၀ခန့် ဒဏ်ရာရရှိကာ ၁၅ ဦးခန့်သေဆုံးခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly